၂၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့ 1G1 ဟိုတယ်အနီး မယ်ဆိုင်ချောင်းကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ခိုးဝင်လာပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား “ဝ”လူမျိုးတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းဖော်ပြချက်အရသိရှိရပါတယ်။
ဩဂုတ်လ (၂၇) ရက်နေ့ ညနေပိုင်းက မယ်ဆိုင်မြို့ ပေါင်ဖာကျေးရွာအုပ်စု ဆန်ဆိုင်မူးကျေးရွာ အမှတ် (၆) ရပ်ကွက်မှာ နိုင်ငံခြားသားတစ်ဦး တရားမဝင် ဝင်ရောက်လာပြီး မစ္စစ်စီရင်ထံရဲ့ နေအိမ်အတွင်း ရောက်ရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက မယ်ဆိုင်ခရိုင်အုပ်ချုပ်ရေးမှူးထံ သတင်းပေးတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
မယ်ဆိုင်မြို့ရှိ ထိုင်းအာဏာပိုင် တာဝန်ရှိသူများက မစ္စစ်စီရင်ထံရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ အသက် (၃၀)နှစ်အရွယ် မစ္စတာလီရှောင်ရှန် (Li Xiaoxian) လီမျိုးနွယ်ကို တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်းရှိ မိုင်းငန်မြို့တွင် နေထိုင်သူဖြစ်ကြောင်းသိရှိရပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားဝင် ဝင်ရောက်နေထိုင်ခွင့်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာကို တာဝန်ရှိသူတွေထံ ပြသနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရပါတယ်။
ဩဂုတ်လ (၂၇) ရက်နေ့ တာချီလိတ်မြို့ 1G1 ဟိုတယ်အနီး မယ်ဆိုင်ချောင်းကနေ ထိုင်းနိုင်ငံအတွင်း မယ်ဆိုင်မြို့နယ် ဘန်မိုင်းဒဲန်းကျေးရွာ၊ ကရလမ်ဆိပ်ကမ်းအနီးမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ လမ်းလျှောက်ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အငှားယာဉ်တစ်စီးနဲ့ မစ္စစီရင်ရဲ့ နေအိမ်ကို သွားရောက်ခဲ့ကြောင်းလည်း ထွက်ဆိုခဲ့ပါတယ်။
မယ်ဆိုင်အာဏာပိုင်များက မစ္စတာ လီရှောင်ရှန် လီမျိုးနွယ်ကို ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်လာသူ အဖြစ် အမှုဖွင့်စွဲချက်တင်ခဲ့ပြီး မယ်ဆိုင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

