Language:

ပုန်းထွန်ရပ်ကွက် လမ်းမကြီးကို လာမယ့်ဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်းခင်းမည်


ပုန်းထွန်ရပ်ကွက် လမ်းမကြီးကို လာမယ့်ဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်းခင်းမည်

၂၈ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ စပ်စံထွန်း လမ်းမကြီးမှာ (၁)နှစ်ကြာ ကျောက်ချော ယာယီခင်းထားတဲ့လမ်းပိုင်းကို လာမယ့်ဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်းပြန်ခင်းမယ်လို့ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက သိရှိရပါတယ်။

စပ်စံထွန်း လမ်းမကြီးဟာ ပုန်းထွန်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများက အဓိက သွားလာအသုံးပြုနေကြတဲ့ လမ်းမကြီးတစ်ခုဖြစ်ပြီး ဗလီအနီး အင်္ကျီချုပ်ဆိုင်မှ ပုန်းထွန် (၁) လမ်းအကျော်ထိ မြေနီကျောက်သားများနဲ့ ယာယီလမ်းခင်းထားတာဖြစ်ပါတယ်။

“လမ်းပြင်ပေးဖို့အတွက် ဘဏ္ဍာငွေ လျာထားပါတယ်။ လာမယ့်ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်ကျရင် အထက်ဌာနကိုတင်ပြပြီး လမ်းပြင်ပေးဖို့ရှိပါတယ်လို့” စည်ပင်သာယာရေးဌာနက လက်ထောက်အင်ဂျင်နီယာ ဒေါ်အေးခိုင်းစိုးက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။

ပုန်းထွန်စပ်စံထွန်းလမ်းမကြီးဟာ ၂၀၂၄ ခုနှစ် မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ကာ ပျက်စီးခဲ့ခြင်းဖြစ်ပြီး လမ်းတစ်လျှောက်မှာ ကျောက်ရောမြေသားထပ်ခင်းကာ လမ်းသားမြှင့်တင်ထားတာ ဖြစ်ပါတယ်။

အထက်ဌာနက ဘတ်ဂျက်မချပေးသေးတဲ့အတွက် မိုးရွာရင် ရွှံ့ဗွက်ထပြီး၊ လမ်းချော်တာတွေ မကြာခန ကြုံတွေ့နေရကာ နေပူချိန်မှာလဲ ဖုန်ထတဲ့အတွက် ဒေသခံပြည်သူများ သွားလာရာမှာ အခက်အခဲများ ဖြစ်‌ပေါ်နေတာဖြစ်ပါတယ်။

“မိုးမရွာတော့ ဖုန်မှုန့်တွေတစ်ထောင်းထောင်းထတယ်။ မိုးရွာပြန်တော့လည်း ရွှံ့ဗွက်တွေကြောင့် ဆိုင်ကယ်လမ်းချော်တာတွေဖြစ်တယ်။ ဟိုတစ်နေ့ကဆို Fino ဆိုင်ကယ်တစ်စီးဆိုရင် ဖရိန်ကျိုးကျသွားတာတွေရှိတယ်လို့ “ စပ်စံထွန်းလမ်းဘေးဆိုင်ကယ်ပြင်ဆိုင်က ဒေသခံကိုငယ်က ပြောပါတယ်။

တာချီလိတ်မြို့ ဘုရင့်နောင်ဈေးလမ်းကို ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင်သာယာရေးဌာနက လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နေတာဖြစ်ပြီး၊ NEO AURUM ကုမ္ပဏီမှ တင်ဒါအောင်မြင်ကာ အရှည်(၁,၀၈၀) ပေ၊ အကျယ် (၁၈) ပေ၊ အထူ (၁၀) လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

#လမ်းခင်းခြင်း

#ဘတ်ဂျက်

#ပုန်းထွန်ရပ်ကွက်

#စည်ပင်သာယာ

#စဝ်စံထွန်းလမ်း

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin