၂၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရုရှားနိုင်ငံတစ်ဝန်းကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဩဂုတ် (၂၆) ရက်နေ့မှာ အနည်းဆုံး လူ (၃) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ရုရှားနိုင်ငံအလယ်ပိုင်း Tambov ဒေသ၊ Kotovsk မြို့မှာရှိတဲ့ Wildberries ကုန်ပစ္စည်းသိုလှောင်ရုံကို ဒရုန်းထိမှန်ပြီး မီးလောင်ခဲ့ပါတယ်။
ဒီစက်ရုံဟာ ဇူလိုင်လကတည်းက ယူကရိန်းရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပြီး အခုဆိုရင် ဒုတိယအကြိမ် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
Tambov ဒေသအုပ်ချုပ်ရေးမှူး Yevgeny Pervyshov က မီးလောင်မှုကြောင့် Wildberries ဂိုဒေါင်အဆောက်အအုံဟာ လုံးဝနီးပါး ပျက်စီးသွားတယ်လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အစောပိုင်းမှာ အလုပ်သမားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်ပိုင်းမှာ နောက်ထပ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားအာဏာပိုင်တွေကတော့ Wildberries ကတော့ ဂိုဒေါင်အတွင်းရှိ ဝန်ထမ်းအားလုံးကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဂိုဒေါင်ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာတော့ Kotovsk မြို့အပေါ်ကနေ မီးခိုးမည်းကြီးတွေ အမြင့်ကို တက်လာတာကို တွေ့ရပြီး အဲဒီမီးခိုးတိမ်ဟာ NASA ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲမှာပါ မြင်တွေ့ရပါတယ်။
ဒေသခံအာဏာပိုင်တွေကလည်း မီးလောင်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်မှု အန္တရာယ် ရှိတာကြောင့် လာမယ့် နှစ်ရက်အတွင်း အပြင်မထွက်ကြဖို့ ဒေသခံတွေကို သတိပေးထားပါတယ်။

