၂၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့ ပုန်းထုန်ချောင်းဘေးရှိ တာချီလိတ်ဆည်မြောင်းဦးစီးဌာနက ရေတားနံရံကို ခိုင်ခံစေရန်အတွက် တပ်ဆင်ထားတဲ့ ကျောက်ထုတ်သံကြိုးတွေကို ပြီးခဲ့တဲ့အပတ်က ထပ်မံဖြတ်တောက်ခိုးယူခံရတယ်လို့ ချောင်းဘေး ရေတားနံရံအနီး နေထိုင်တဲ့ ဒေသခံအမျိုးသမီးထံက သိရှိရပါတယ်။
ရေတားနံရံတွေကို ရေတိုက်စားမှု လျှော့နည်းစေရန်အတွက် ဆည်မြောင်းဦးစီးဌာနက နိုင်ငံတော် ဘဏ္ဍာငွေများနဲ့ တာဝန်ယူဆောင်ရွက်ထားတာဖြစ်ပါတယ်။
သြဂုတ်လ ပထမပတ်အတွင်းက ရေတားနံရံ ကျောက်ထုတ်တွေကို ချည်နှောင်ထားတဲ့ သံကြိုးအချို့ ကို မူးယစ်ဆေးဝါးသုံးစွဲသူများက ကီလိုဆိုင်မှာရောင်းချရန် ဖြတ်ယူသွားတာဖြစ်ပြီး အခု ထပ်ပြီး သံကြိုးများကို ခိုးယူသွားတာဖြစ်ပါတယ်။
“ အသက် (၃၀)ကျော်လောက်ရှိမယ်ထင်တယ်။ အရင်နေ့က အိမ်ကအဘွားက သံကြိုးလာဖြတ်နေတဲ့သူကို တွေ့လို့ အန်တီတို့ကို လှမ်းပြောတော့ အိမ်က အမျိုးသားက ထွက်လာပြီး လေးဂွနဲ့လိုက်ပစ်ဖို့လုပ်တဲ့အချိန် သူက ထွက်ပြေးသွားတယ်လို့” ပုန်းထုန်ချောင်းဘေး ကျောက်ဆူးသံကြိုးအနီးနေထိုင်သူ အမျိုးသမီးက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
ကျောက်ဆူးသံကြိုးများ ခိုးယူခံရသည့်နေရာများက တစ်ချို့နေရာတွေမှာ ချောင်းရေတိုက်စားကုန်ပြီး အက်ကွဲတာမျိုးတွေလည်းရှိကြောင်း၊ ထပ်မံဖြတ်တောက်ခံရလျှင် မိုးကြီးပြီး ချောင်းရေမြင့်တက်နေတဲ့အချိန်မှာ နိုင်ငံတော် ဘဏ္ဍာငွေများနဲ့ ဆောင်ရွက်ထားတဲ့ ရေတားနံရံ ကျောက်ထုတ်များ ရေထဲမျောပါပြီး ပျက်စီးသွားနိုင်တယ်လို့ သိရှိရပါတယ်။
ပုန်းထုန်ရပ်ကွက်အတွင်း သံကြိုးဖြတ်တောက်ခိုးယူမှုများ မဖြစ်ပွားစေရန်နှင့် ရပ်ကွက်လုံခြုံရေးအတွက် ညပိုင်းများတွင် ကင်းလှည့်စောင့်ကြည့်နေပြီး၊ ဖြတ်တောက် ခိုးယူသူများကိုလည်း စုံစမ်းဖော်ထုတ်ဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း ပုန်းထုန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းနေလက အရှေ့သံလွင်မီဒီယာကို ပြောသည်။
“ဖြတ်သွားတဲ့သံကြိုး နေရာတွေကို ပြန်ဆက်ဖို့အတွက် လူကြီးကိုတင်ပြထားတယ်။ ညတိုင်းကျွန်တော်တို့ရပ်ကွက်အတွင်း ကင်းလှည့်တယ် သံကြိုးဖြတ်ခိုးသွားတဲ့သူခိုးတွေကိုလည်း စုံစမ်းပြီး ဖမ်းဆီးမယ်။ ရပ်ကွက်အတွင်းမှာ ရှိတဲ့ ကီလိုဆိုင်တွေကိုလည်း အဲ့ဒီလို လာရောင်းတဲ့ သံကြိုးတွေကို ပြန်မဝယ်ဖို့ ကြပ်မတ်ဆောင်ရွက်သွားမယ်လို့” ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းနေလက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
တာချီလိတ်မြို့အတွင်း အချို့လမ်းဘေးနေထိုင်သူများက သံဗူးခွံများ၊ရေဗူးခွံများ နှင့် အခြားသံထည် ပစ္စည်းများကောက်ကာ ကီလိုဆိုင်များကို ရောင်းချပြီး စားဝတ်နေရေးအတွက်ဖြေရှင်းနေကြတာဖြစ်ပြီ၊ တစ်ချို့လမ်းဘေးနေထိုင်သူများက လမ်းဘေးရှိ ရေမြောင်းဖုံးများနှင့် သံကြိုးများကို ခိုးယူဖြတ်တောက်ပြီး ရောင်းချနေကြသည်ဟု ဒေသခံများက ပြောပါတယ်။

