၂၅ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ အွန်လိုင်းဂိမ်းဆိုဒ်လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသားအပါအဝင် အယောက် (၂၀၀)ကျော်ကို သြဂုတ်လ (၂၆)နေ့မှာ ကျိုင်းတုံထောင်မှာ ပြောင်းရွှေ့ထားမယ်လို့ ရှေ့နေတစ်ဦးဆီကသိရှိရပါတယ်။
လက်ရှိမှာ အမှုကို တာချီလိတ်မြို့ရှိ အားကစားရုံမှာ အထူးတရားရုံးအဖြစ် ကြားနာစစ်ဆေးနေတာဖြစ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ သြဂုတ်လ (၁၈) နေ့က စွဲချက်တင်လိုက်ပြီး လာမယ့် စက်တင်ဘာလ (၇)ရက်နေ့ ကျိုင်းတုံထောင်မှာ ရုံးချိန်းပြန်လည်ပြုလုပ်ပြီး အထူးတရားရုံးအနေနဲ့ ဆက်လက်စစ်ဆေးသွားမယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံထားရသူများကို တာချီလိတ်မှ ကျိုင်းတုံသို့ ပြောင်းရွှေ့ရခြင်းကြောင့် မိသားစုဝင်များအနေနဲ့ သွားလာရေးနှင့် စားဝတ်နေရေးအပိုင်းတွင် အခက်အခဲများ ရှိလာနိုင်တယ်လို့ ဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
“ဘယ်သူ့အတွက်မှ အဆင်မပြေဘူးလေ ကျိုင်းတုံမှာဆို ထောင်ထမင်း၊ထောင်ဟင်းစားရမှာလေ ဒီမှာဆို သူ့တို့ စားချင်တဲ့ဟာတွေဆို ဝယ်ပို့လို့ရသေးတယ်။ ကျိုင်းတုံသွားရင် ကားခရှိမယ်၊အသိမရှိဘူးဆိုရင် တည်းခိုခန်းခ ရှိမယ်၊အလုပ်လည်းပျက်မယ် ပိုက်ဆံလည်းကုန်မယ် လူလည်းပင်ပန်းမယ် ဆိုင်ကယ်နဲ့သွားမယ်ဆိုရင်လည်း မိုးရာသီကြောင့်အဆင်မပြေဘူးလို့ ” ဖမ်းဆီးခံရသူရဲ့ အကိုဖြစ်သူက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
လက်ရှိမှာ စုံစမ်းသိရှိရတာက ဒီအမှုကအချိန်ကြာမြင့်နိုင်တဲ့အတွက် တာချီလိတ်မြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်အင်အားမလောက်လို့ လုံခြုံရေးအပြည့်အဝမပေးနိုင်တာကြောင့် တာချီလိတ်ကနေ ကျိုင်းတုံထောင်ကိုပြောင်းရွေ့ပြီး အထူးတရားရုံးအနေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) စွဲချက်တင်ထားသူများကို ကြားနားစစ်ဆေးသွားမယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖမ်းဆီးခံထားရသူများကို ဒေသခံမိသားစုဝင်တွေကလည်း ကျိုင်းတုံမြို့ကို သွားလာရတာအဆင်မပြေတဲ့အတွက် တာချီလိတ်မြို့မရဲစခန်းမှာ ဆက်လက်ထားရှိစေချင်နေတယ်လို့သိရှိရပါတယ်။
လက်ရှိစွဲချက်တင်ထားတဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) အမှုကိုလျှော့ပေါ့ပေးပြီး အလောင်းကစားဥပဒေ ပုဒ်မ ၁၃(ဃ) အမှုနဲ့ ပြောင်းလဲသတ်မှတ်ပြီး စွဲချက်တင်စေချင်ပြီး အမိန့်ချစေချင်တယ်လို့ မိသားစုဝင်တွေဆီက ကြားသိရပါတယ်။
တာချီလိတ်မြို့၊ ကြယ်တံခွန်မိုတယ်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်က ထိုင်းနိုင်ငံသားများအပါအဝင် အွန်လိုင်းဂိမ်းလုပ်ငန်းနှင့် ဆက်စပ်တဲ့ အသက်မပြည့်သေးသူများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ အပါအဝင် အယောက် (၂၀၀) ကျော် ဖမ်းဆီးခံရပြီး ဂိမ်းဝက်ဆိုက်ပိုင်ရှင်များကိုတော့ လက်ရှိအချိန်အထိ ဖမ်းဆီးခံရခြင်း မရှိသေးပဲ အမှုကို (၆)လ ကျော်ထိ ကြားနားစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။

