၂၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အခြေအနေကို စောင့်ကြည့်နေသူများလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူအချို့ဟာ ငွေကြေးတန်ဖိုး ထိန်းသိမ်းနိုင်ရေးအတွက် ရွှေနဲ့ ဒေါ်လာဈေးကွက်ဘက်ကို ယာယီပြောင်းရွှေ့လာကြတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်မှာ အခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ပိုမိုတင်းကျပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် အရောင်းအဝယ်ပြုလုပ်မယ့်သူတွေက အခြေအနေကို စောင့်ကြည့်နေကြပြီး ဈေးကွက်လှုပ်ရှားမှုလည်း အရင်ကထက် နှေးကွေးလာတယ်လို့ သိရပါတယ်။
အထူးသဖြင့် စက်တင်ဘာ (၁)ရက်ကစပြီး အိမ်ခြံမြေအရောင်းအဝယ်တွေမှာ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ သက်ဆိုင်တဲ့ အခွန်အခတွေကို စိစစ်ကောက်ခံမှု ပိုမိုတင်းကျပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေက ဈေးကွက်အတွင်း စောင့်ကြည့်မှုကို ပိုမိုမြင့်တက်စေခဲ့တာဖြစ်ပါတယ်။
အရောင်းအဝယ်အေးနေတဲ့ လက်ရှိအခြေအနေမှာ အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ အခွန်အခတွေကြောင့် ရောင်းဈေးလျှော့ချတာထက် ကုန်ကျမယ့် အခွန်အခတွေကို ထည့်တွက်ပြီး မူလသတ်မှတ်ဈေးထက် (၁၃) ရာခိုင်နှုန်းခန့် ဈေးတင်ရောင်းချနိုင်တယ်လို့ အိမ်ခြံမြေပွဲစားတွေက အကြံပြုထားပါတယ်။
အိမ်ခြံမြေဟာ ရေရှည်ကာလမှာ တန်ဖိုးကျဆင်းနိုင်ခြေနည်းတဲ့ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတစ်ခုအဖြစ် ဆက်လက်ရှိနေတဲ့အတွက် လက်ရှိဈေးကွက်အေးစက်နေမှုနဲ့ အခွန်ဆိုင်ရာ အပြောင်းအလဲတွေကို အလွန်အမင်း စိုးရိမ်စရာမလိုဘူးလို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ပါတယ်။
တစ်ဖက်မှာတော့ အခွန်အခြေအနေကို ကြည့်ရှုနေရတဲ့အပြင် အရောင်းအဝယ်ပြန်လည်လှုပ်ရှားလာမယ့် အချိန်ကို စောင့်ဆိုင်းနေသူတွေ ရှိလာတာကြောင့် ရင်းနှီးမြှုပ်နှံသူအချို့က အိမ်ခြံမြေမှာ ငွေကြေးပိတ်မိနေခြင်းထက် ရွှေနဲ့ ဒေါ်လာလို တန်ဖိုးထိန်းသိမ်းနိုင်မယ့် ဈေးကွက်တွေဘက်ကို ယာယီရွှေ့ပြောင်းထားလာကြတာ ဖြစ်ပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်မှာတော့ ဂရန်အမျိုးအစားကို အဓိကသတိထားဖို့လိုပြီး ပါမစ်အမျိုးအစားတွေမှာ ရောင်းခွန်နဲ့ပတ်သက်တဲ့ အခြေအနေမတူညီတာကြောင့် စာရွက်စာတမ်းနဲ့ အခွန်ဆိုင်ရာ အချက်အလက်တွေကို စိစစ်ပြီးမှ ဝယ်ယူဖို့ လိုအပ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

