၂၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
မြန်မာနိုင်ငံရဲ့ ပြည်တွင်းဘောလုံးလိဂ်တွေကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ၂၀၂၆ ခုနှစ်အတွင်း မြန်မာအမျိုးသမီးလိဂ် အမျိုးသားလိဂ်နဲ့ ယူ-၂၀ လိဂ်တို့အတွက် ကုန်ကျစရိတ် ကျပ် ၁၅ ဘီလီယံနီးပါးရှိတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားလိုက်ပါတယ်။
ဩဂုတ် ၂၅ ရက်က ကျင်းပတဲ့ မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး၊ Logo အသစ်မိတ်ဆက်ပွဲနဲ့ Official Partnership Signing Ceremony အခမ်းအနားမှာ ဦးဇော်ဇော်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဒီနှစ်အတွက် ပြောင်းလဲမှုကတော့ M League ဆိုပြီး Logo ပဲ ပြောင်းလိုက်တာ မဟုတ်ပါဘူး။ မြန်မာ့ဘောလုံးလောကအတွက် လိုအပ်နေတဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုကိုပြုလုပ်ပေးကြတဲ့ Sponsor အဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ပါတယ်။ ဒီနှစ်အတွက် မြန်မာအမျိုးသမီးလိဂ်၊ အမျိုးသားလိဂ်နဲ့ ယူ-၂၀ လိဂ်အတွက် ကုန်ကျစရိတ်ဟာ ကျပ် ၁၅ ဘီလီယံနီးပါးရှိပါတယ်” လို့ ဦးဇော်ဇော်က ဆိုပါတယ်။
အဆိုပါအခမ်းအနားမှာ ဦးဇော်ဇော်က မြန်မာအမျိုးသမီးလိဂ်ကို စတင်အကောင်အထည်ဖော်ပေးခဲ့သူတွေ၊ လက်ရှိတာဝန်ယူနေတဲ့ အသင်းပိုင်ရှင်တွေနဲ့ တာဝန်ရှိသူတွေ၊ လိဂ်ပြိုင်ပွဲတွေကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိကျင်းပနေတဲ့ ပြိုင်ပွဲတွေရဲ့ အရည်အသွေးပိုမိုကောင်းမွန်လာစေရေးအတွက် ဘောလုံးကွင်းတွေကိုလည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုနှစ်အတွင်း အသက် ၁၄ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူတွေအတွက် School Football ပြိုင်ပွဲကိုလည်း ပြုလုပ်သွားမှာဖြစ်ပြီး U15 Girls League ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ကလပ်အသင်းတွေရဲ့ အရေအတွက်နဲ့ အရည်အသွေး တိုးတက်လာတာနဲ့အမျှ လေ့ကျင့်ရေးကွင်းတွေကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးဖို့ လိုအပ်လာကြောင်း ဦးဇော်ဇော်က ထောက်ပြပါတယ်။ ကလပ်အသင်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ Club Licensing Criteria တွေကို လိုက်နာဆောင်ရွက်ဖို့နဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေ ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် Scouting အဖွဲ့တွေ ထားရှိဖို့လည်း လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အလားတူ ကစားသမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ပိုမိုပွင့်လင်းမြင်သာစွာ ချပြနိုင်ဖို့ လိုအပ်ကြောင်းနဲ့ ပြည်တွင်းဘောလုံးလောကမှာ အငြင်းပွားစရာဖြစ်လာနိုင်တဲ့ Match Fixing ကိစ္စတွေကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဦးဇော်ဇော်က ပြောပါတယ်။
Match Fixing နဲ့ပတ်သက်ပြီး တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ပြည်တွင်းအမျိုးသား၊ အမျိုးသမီးနဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေအတွက် ကျပ် ၁၅ ဘီလီယံနီးပါး အသုံးပြုသွားမယ့်အပြင် ကွင်းအဆင့်မြှင့်တင်ရေး၊ လူငယ်ဘောလုံးဖွံ့ဖြိုးရေးနဲ့ ကလပ်အသင်းတွေရဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ တစ်ပြိုင်နက်တည်း အာရုံစိုက်ဆောင်ရွက်သွားမယ့် သဘောထားကို အဆိုပါအခမ်းအနားမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်

