၂၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
NPW
ရုရှားနည်းပညာနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ဖို့ သမ္မတဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးအတွင်းမှာ ထပ်မံဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သြဂုတ် ၂၃ ရက်နေ့ သမ္မတရဲ့ ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဉ် သွားရောက်ခဲ့တာတွေနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“လောလောဆည်တော့ ကျွန်မဘက်က ဒါနဲ့ပတ်သက်လို့ အသေးစိတ်မပြောနိုင်ပါဘူး။ ဆွေးနွေးခဲ့တာတော့ ဟုတ်ပါတယ်။ ဒါကလည်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ အတွက် ဖြစ်ပါတယ်။ ကျွန်မသိသလောက်တော့ Mini ပါ” လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
မြန်မာ-ရုရှား နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုဖို့အတွက် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM)နဲ့ ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကတည်းက သဘောတူထားတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်က ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ယခင်နစ က ပြောရေးဆိုခွင့်ရှိသူကလည်း အဆိုပါ နျူကလီးယားဓါတ်ပေါင်းဖိုနဲ့ပတ်သက်လို့ ၁၁၀ မဂ္ဂါဝပ်ရှိတဲ့ ဓါတ်ပေါင်းဖိုကို ရုရှား နည်းပညာနဲ့ ဆောက်လုပ်မယ်လို့ မီဒီယာတွေကို အတည်ပြုဖြေကြားထားပါတယ်။
အဆိုပါခရီးစဉ်အတွင်းမှာပဲ မြန်မာ- ရုရှား နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုတာမှာ နျူကလီးယားနဲ့ ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် နျူကလီးယားဓါတ်ပေါင်းဖိုကို မည်သည့်နေရာမှာ တည်ဆောက်မယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ အစိုးရဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

