၂၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ သြဂုတ်လ (၂၂)ရက် ညနေပိုင်းက ညသန်းခေါင်အထိ မီးရှို့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက ပြောကြားပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း အစိုးရအဆောက်အဦတစ်ခု ပျက်စီးသွားခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်မှုပေါင်း ၅၁ ခုဖြစ်ပွားခဲ့ပြီး ဒေသဆိုင်ရာအစိုးရရုံး အဆောက်အဦတစ်ခု၊ 7-Eleven စတိုးဆိုင်တစ်ဆိုင်နဲ့ ခိုးရာပါ ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထိုင်းစစ်တပ်ရဲ့ ပြည်တွင်းလုံခြုံရေး လုပ်ငန်းစဉ်များ ကွပ်ကဲရေးဌာန ISOC နဲ့ ပြည်တွင်းမီဒီယာတွေက ဖော်ပြထား ပါတယ်။
သြဂုတ်လ (၂၂)ရက် ညနေ (၈)နာရီကနေ ညသန်းခေါင်အထိ တောင်ပိုင်းခရိုင်တစ်ဝှမ်း နေရာများစွာမှာ မငြိမ်မသကဖြစ်အောင် ဖန်တီးဖို့ ရည်ရွယ်တဲ့ စုပေါင်းတိုက်ခိုက်မှု အများအပြားဖြစ်ပွားခဲ့ကြောင်း ISOC က ကြေညာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအများစုဟာ နရာသီဝပ်ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ညပိုင်းမှာ အဆိုပါဒေသတဝှမ်း နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် အနီးအနားရှိ ရလားနဲ့ ပတ္တာနီခရိုင်တို့မှာ အခြားတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ISOCက ပြောကြား ပါတယ်။
ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ ထိုင်းနိုင်ငံရဲ့ တောင်ဖက်အစွန်ဆုံးခရိုင်တွေမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အဆင့်နိမ့်ပဋိပက္ခတွေ မကြာခဏဖြစ်ပေါ်နေခဲ့ပြီး လူပေါင်း (၇၀၀၀)ကျော် သေဆုံးခဲ့ရပါတယ်။
အဆိုပါဒေသတွေမှာ မွတ်စလင်အများစု နေထိုင်ကြတာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။
တိုက်ခိုက်မှုများ ဖြစ်ပွားရာနေရာတွေကို သြဂုတ်လ (၂၃)ရက်က ဒေသဆိုင်ရာ အစိုးရရုံးနဲ့ ဆက်သွယ်ရေးတာဝါတိုင်များနဲ့ ဓာတ်မီတိုင်များဆိုင်ရာ အရာရှိတွေ သွားရောက် စစ်ဆေးခဲ့ကြောင်း နရာသီဝပ်ခရိုင် အုပ်ချုပ်ရေးမှူး ဘွန်ချွေး ဟိုမီယမ်ယန်က ပြည်တွင်းမီဒီယာသို့ ပြောကြားပါတယ်။
သြဂုတ် (၂၂)ရက် ညပိုင်းကစတင်ပြီး သြဂုတ်လ (၂၃)ရက် နံနက် (၆)နာရီ အထိ နေဝင်မီးငြိမ်း အမိန့်တစ်ရပ်ကို နရာသီဝပ် စစ်ဖက်ဆိုင်ရာ ကွပ်ကွဲရေး ဌာနက ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက တော်လှန်ပုန်ကန်သူတွေဟာ ဒေသတွင်းသို့ အစိုးရအရာရှိများ လာရောက်မယ့်ခရီးစဉ်များမတိုင်ခင် လုံခြုံရေးအရာရှိတွေနဲ့ အစိုးရ အဆောက်အဦများအား ပုံမှန်ဆိုသလို တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့လက နရာသီဝပ်ခရိုင် စစ်ဆေးရေးဂိတ်တစ်ခုကို သေနတ်နဲ့ပစ်ခတ်ပြီး ဗုံးခွဲတိုက်ခိုက်မှုအတွင်း စစ်သား (၅)ဦး သေဆုံးခဲ့ပါတယ်။
ထိုင်းတောင်ပိုင်းရှိ မွတ်စလင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို ရရှိရေး တောင်းဆိုနေပြီး ခွဲထွက်လိုတဲ့ သဘောထားတွေ ထုတ်ဖော်ပြသမှုတွေ ရှိနေတာ ကြပြီ ဖြစ်ပါတယ်။

