၂၃ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် လိုမာဟိုတယ်အနီး အသက်(၃၇)နှစ်ရှိ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေကြောင်း သတင်းရရှိတဲ့အတွက် ဟောင်လိတ် စခန်းမှူးမှ သွားရောက်စစ်ဆေးရာ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးနေတာဖြစ်တယ်လို့ သိရှိရပါတယ်။
သေဆုံးမှုမျာ (၉)မမ သေနတ်နဲ့ ဦးခေါင်းရဲ့ ဝဲဘက်နားထင်ကို ဖောက်ဝင်ဒဏ်ရာနဲ့ သြဂုတ် (၂၃)ရက်နေ့ ည(၈)နာရီခန့်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတာဖြစ်ပြီး လူသတ်တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့က ရပ်ကင်း၊ ဝပ်ကင်းနဲ့ ပိတ်ဆို့ရှာဖွေရာ ည(၁၀)နာရီကျော်လောက်မှာ ဖမ်းမိတယ်လို့ သိရှိရပါတယ်။
“အချင်းချင်း စကားများပြီး ပစ်ခတ်ကြတာလို့ကြားတယ်၊ တရားခံတော့ အစောနလေးက ဖမ်းမိတယ်လို့လဲကြားတယ်၊ ကားပေါ်မှာ မူးယစ်ဆေးဝါးတွေလဲ ပါတယ်လို့ ကြားတယ်”လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးတော့ပြောပါတယ်။
လူသတ်တရားခံကို ပိတ်ဆို့ဖမ်းဆီးချိန် အခြားလူတစ်ဦးနဲ့အတူ ဖမ်းဆီးရမိပြီး မောင်နှင်လာတဲ့ ကားအတွင်း မူးယစ်ဆေးဝါးများပါ အတူတွေ့ရှိရကာ အမှုဖွင့်လှစ်နိုင်ဖို့ ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လဲ သိရှိရပါတယ်။
သေဆုံးသူရဲ့ အလောင်းနံဘေး (၉)မမ လူဂါသေနတ်ရဲ့ ကျည်ခွံတစ်ခုတွေ့ရှိရပြီး သေဆုံးသူရဲ့ အိတ်အတွင်းမှာ စိုင်းလ(ဘ)ဦးအိုက်ခမ်းအမည်နဲ့ ၁၃/တခလ(နိုင်)၀၈၃၀၀၇ နိုင်ငံသားစိစစ်ရေးကဒ်ပြား တစ်ခုတွေ့ရှိရတယ်လို့ သိရှိရပါတယ်။
တရားခံနဲ့ပါတ်သတ်ပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးနေချိန်ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက် ထုတ်ပြန်ပြီးမှသာ အချက်အလက် ပြည့်စုံစွာ ဖေါ်ပြပေးနိုင်မှာဖြစ်ပါတယ်။

