Language:

မြန်မာမှ တရားမဝင် တင်သွင်းလာတဲ့ “ကောက်ညှင်းငချိတ်” တန် (၃၀) ထိုင်းဖမ်းဆီး


မြန်မာမှ တရားမဝင် တင်သွင်းလာတဲ့ “ကောက်ညှင်းငချိတ်” တန် (၃၀) ထိုင်းဖမ်းဆီး

၂၃ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းအကောက်ခွန်ဌာနက ပြည်ပကနေ တရားမဝင် တင်သွင်းလာတဲ့ “ကောက်ညှင်းငချိတ်”တန် ၃၀ ကို (၂၂) ဘီးတွဲကုန်တင်ယာဉ်တစ်စီးပေါ်ကနေ ဖမ်းဆီးသိမ်းဆည်းခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်နေ့မှာ အကောက်ခွန် စုံစမ်းစစ်ဆေးရေးနဲ့ နှိမ်နင်းရေးအဖွဲ့ဟာ ဖစ်ဆနုလိုက်ခရိုင်အတွင်း အမှတ် (၁၁) အဝေးပြေးလမ်း (အင်ဘူရီ–ချင်းမိုင် လမ်းပိုင်း)ပေါ်က ကင်းလှည့်စစ်ဆေးနေစဉ် သံသယရှိတဲ့ (၂၂) ဘီးတွဲကုန်တင်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးရာမှာ ပြည်ပနိုင်ငံက ထွက်ရှိတဲ့ “ကောက်ညှင်းငချိတ်”ဆန် စုစုပေါင်း (တန် ၃၀) တင်ဆောင်လာတာကို တွေ့ရှိခဲ့ပြီး တန်ဖိုးက ဘတ် (၁.၂) သန်းကျော် ရှိတယ်လို့ သိရပြီး တရားဝင် စာရွက်စာတမ်း တစ်စုံတစ်ရာ မတွေ့ရတဲ့အတွက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေက ဒီဖြစ်စဉ်ဟာ အကောက်ခွန်ဥပဒေ ၂၀၁၇ ရဲ့ ပုဒ်မ ၂၄၂၊ ၂၄၆ နဲ့ ၂၅၂ ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုထားပြီး ပုဒ်မ ၁၆၇ အရ “ကောက်ညှင်းငချိတ်”ဆန် အားလုံးနဲ့ ကုန်တင်ယာဉ်ကို သိမ်းဆည်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို မဲဆောက်အကောက်ခွန်စခန်း သို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်ထားပါတယ်။

#ကောက်ညှင်းငချိတ်

#တရားမဝင်ကုန်သွယ်မှု

#အကောက်ခွန်

#မဲဆောက်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin