၂၃ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
နိုင်ငံကျော် တေးရေး / တေးဆို ကိုင်ဇာရဲ့ ဈာပနအခမ်းအနားကို မနက်ဖြန် သြဂုတ်လ (၂၄)ရက် မွန်းလွဲ (၂) နာရီအချိန်၌ ရေဝေးသုသာန်မှာ ကျင်းပသွားမယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်)က သတင်းထုတ်ပြန်ထားပါတယ်။
ကွယ်လွန်သူ ဦးညီညီဝင်း (ခ)ကိုင်ဇာ အသက် (၆၆)နှစ်ရဲ့ ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဆရာမဒေါ်သန်းမြင့်အောင် ၊ သရုပ်ဆောင် ထွန်းကိုကိုနဲ့ အသင်းသားတွေက ဒီကနေ့သွားရောက်သယ်ဆောင်ပြီး ရေဝေးသုသာန်အအေးခန်းကို ပို့ဆောင်ကူညီခဲ့တယ်လို့လည်း သိရပါတယ်။
စတီရီယို တေးသီချင်းပေါင်းများစွာနဲ့ လူသိများ ထင်ရှားခဲ့တဲ့ တေးရေး/ တေးဆို ကိုင်ဇာဟာ အဆုတ်ထဲရေဝင်လို့ ဝိတိုရိယဆေးရုံမှာ တက်ရောက်ကုသနေရင်း ဩဂုတ်လ (၂ ၂)ရက် ညဦးပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မနက်ဖြန် ဩဂုတ်လ (၂၄)ရက် မွန်းလွဲပိုင်း၌ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုလ်မယ်လို့လည်း သိရပါတယ်။
တေးသံရှင်ကိုင်ဇာဟာ ၁၉ ၇၇ ခုနှစ်မှာ ”အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” တေးသီးချင်းခွေနဲ့ စတူဒီယိုလောကကိုစတင်ဝင်ရောက်ခဲ့ပြီး သီချင်းရှင်ကိုကြင်နာပါ ၊ တူနှစ်ကိုယ်တိုင်းပြည် ၊ နမ်းပန်း၊ မနိုးပါစေနဲ့မိုးရယ်နဲ့ ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်စတဲ့ သီချင်းတွေဟာ ယနေ့အချိန်ထိ ပရိသတ်တွေ စွဲလန်းနေရဆဲတေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ၁၉၈၀ ဝန်းကျင်မှာ ထင်ရှားခဲ့တဲ့ ကစ္ဆပနဒီလှိုင်းသံ တေးစီးရီးဟာလည်း ဒီကနေ့အချိန်ထိ ပရိသတ်ကြားမှာ ထင်ရှားကျော်ကြားနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် နေဆီပျံမယ့်ငှက် သို့မဟုတ် ယောနသံဇင်ယော်၊ မိုးသီချင်း၊ လက်ဖက်ရည်ဆိုင်သွားကြစို့၊ ကစ္ဆပနဒီလှိုင်းသံ၊ ရိုးမရဲ့ ညနေခင်း၊ အင်းလေးမှာရွာတဲ့မိုး စတဲ့ သီချင်းတွေဟာလည်း ကိုင်ဇာတစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့အထိ အောင် မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေအဖြစ် ကျန်ရှိနေတာပဲ ဖြစ်ပါတယ်။

