Language:

အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်ပြီးနောက် အသက် ၈၂ နှစ်အရွယ် အဘွားအိုအား သုံးရက်အကြာမှာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့


အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်ပြီးနောက် အသက် ၈၂ နှစ်အရွယ် အဘွားအိုအား သုံးရက်အကြာမှာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

၂၁ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)

ဗကြီး

အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ်လ (၁၅)ရက်က အင်အား (၇.၇)အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လှိုင်းပေါင်း (၃၇၅၂)ခု ထပ်မံ လှုပ်ခတ်ခဲ့ပေမယ့် အသက် (၈၂)နှစ် အရွယ် အဘွားအိုတစ်ဦးအား (၃)ရက် အကြာမှာ သူ့ရဲ့ နေအိမ် အပျက်အဆီးများအောက်က အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

ဖလောရက်စ်ကျွန်းပေါ်ရှိ နီတွန်ဂလီယာကျေးရွာမှာ နေထိုင်သူ အဘွားအိုပေါ်လီနာ ပိုဘီဟာကနဦး အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် သူ့အိမ်ရဲ့ ဝါးနံရံ ပြိုကျသွားပြီး အထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆက်တွဲ ငလျင်လှိုင်းအများအပြား ဆက်လက်လှုပ်ခတ်နေပြီး မြေပြိုမှုတစ်ခုကြောင့် လမ်းများ ပျက်စီးသွားတဲ့အတွက် သူနေထိုင်တဲ့ ကျေးရွာသို့ ကယ်ဆယ်ရေးသမားတွေ အလျင်အမြန်မရောက်ရှိနိုင်ခဲ့ပါဘူး။

အဘွားအိုပိုဘီဟာ လှုပ်လို့လည်းမရသလို အကူအညီလည်း မတောင်းနိုင်ဘဲ နေအိမ်အပျက်အဆီးများကြား ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

မူလ ငလျင်လှုပ်ခတ်ပြီး စတုတ္ထမြောက်နေ့မှာ သူ့ရဲ့ မိသားစုဝင်တွေက သူ့ကို အသက်ရှင်လျက် ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဘေးကင်းရာကယ်ထုတ်ပြီးနောက် အနီးအနား ဆေးရုံတစ်ခုသို့ တင်ပို့ပြီး ဆေးကုပေးနေပါတယ်။

အဘွားအို ပိုဘီဟာ ထိခိုက်ဒဏ်ရာရထားတာ မရှိပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အစားအစာ မစားရ ရေမသောက်ရတာကြောင့် အားနည်းနေတယ်လို့ ဒေသဆိုင်ရာ အရာရှိ ရူဒိုဖက်စ်ရီဘာက The Guardian သတင်းဌာနသို့ ပြောကြားပါတယ်။

ငလျင်ကြောင့် လူနေအိမ် (၁၁၀၀၀)ကျော်၊ ကျန်းမာရေး အဆောက်အဦး ၉၅ခု အပါအဝင် အစိုးရ အဆောက်အဦး ၇၀၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း (၉၂၃၇၅)ဦး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရ ပါတယ်။

သေဆုံးသူ (၇၅)ဦးနဲ့ အထက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ (၉၀၇)ဦး ရှိကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောကြား ပါတယ်။

ငလျင်ဘေးသင့်သူတွေကို CARE Indonesiaအဖွဲ့က သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အကူအညီ ပစ္စည်းတွေ လိုက်ဝေပေးနေပါတယ်။

သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျော်ရည်၊ ဆပ်ပြာ၊ အတွင်းခံ အဝတ်အစားတွေ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေနဲ့ အခြား သန့်ရှင်းရေး ပစ္စည်းတွေ ပါဝင်တဲ့ သန့်ရှင်းရေး ပါဆယ်ထုပ်တွေ ပေးဝေထားကြောင်း သိရပါတယ်။

လျပ်စစ်မီးမရ ဖြစ်နေတဲ့ ဒေသတွေမှာ ခိုလှုံနေရတဲ့ မိသားစုတွေ အတွက် ဆိုလာ မီးအိမ်တွေလည်း ပေးဝေထားကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

ရေပုံးတွေ ၊ရေတိုင်ကီတွေနဲ့ ရေစစ် အဝတ်တွေလည်း ပေးဝေထားပြီး သုံးရေမပြတ်အောင် ဆောင်ရွက် ပေးထား ပါတယ်။

မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ခြင်ထောင်တွေ၊ တာပေါ်လင်စတွေလည်း ပေးဝေထားကြောင်း CARE Indonesia အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ အဗ္ဗဒူလ် ဝါဟစ်က ပြောကြား ပါတယ်။

အင်ဒိုနီးရှားရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေက တစ်ခုဖြစ်တဲ့ အဆိုပါ ပြည်နယ်မှာ ငလျင်ဘေးသင့်သူ စုစုပေါင်းရဲ့ (၃၀)ရာခိုင်နှုန်းဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

#ငလျှင်

#သဘာဝဘေး

#နောက်ဆက်တွဲ

#အင်ဒိုနီးရှား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin