Language:

မူးယစ်ဆေးမှောင်ခိုကူးမှုနဲ့ သက်ငယ်မုဒိမ်းမှုအပါအဝင် ပြစ်မှု (၆)ခုအတွက် သေဒဏ်ပေးမှု အဆုံးသတ်ရေး ဗီယက်နမ်အဆိုပြု


မူးယစ်ဆေးမှောင်ခိုကူးမှုနဲ့ သက်ငယ်မုဒိမ်းမှုအပါအဝင် ပြစ်မှု (၆)ခုအတွက် သေဒဏ်ပေးမှု အဆုံးသတ်ရေး ဗီယက်နမ်အဆိုပြု

၂၀ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဗကြီး

တရားမဝင် မူးယစ်ဆေးမှောင်ခိုကူးမှုနဲ့ သက်ငယ်မုဒိမ်းမှုအပါအဝင် ပြစ်မှု (၆)ခုအတွက် သေဒဏ်ပေးမှု ဖျက်သိမ်းရေး ဗီယက်နမ်အစိုးရက အဆိုပြုထားကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ်လ (၂၀)ရက်က ဖော်ပြပါတယ်။

ဗီယက်နမ်ရဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအား ပြင်ဆင်မှုများ တစ်စိတ်တစ်ပိုင်းအနေနဲ့ အဆိုပြုချက်တွေကို သြဂုတ်လ (၂၀)ရက်က အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရပါတယ်။

ပြင်ဆင်ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ မူကြမ်းအရ နိုင်ငံတော်သစ္စာဖောက်မှု၊ လူသတ်မှု ၊ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ တရားမဝင် မူးယစ်ဆေးဝါးများထုတ်လုပ်မှု စတဲ့ ပြစ်မှုလေးခုအတွက်ပဲ သေဒဏ်ချမှတ်နိုင်တော့မှာဖြစ်တယ်လို့ ဗီယက်နမ် ပြည်သူ့လုံခြုံရေး ဝန်ကြီး လူအွန်တမ်ကွန်က အမျိုးသားလွှတ်တော်သို့ပြောကြားပါတယ်။

ငွေကြေးအလွဲသုံးစား လုပ်မှုနဲ့ အစိုးရကိုဖြုတ်ချဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုများအပါအဝင် ပြစ်မှု (၈)အတွက် သေဒဏ်ပေးမှုပယ်ဖျက်ခဲ့တဲ့ ဥပဒေဆိုင်ရာ ပြင်ဆင်မှုများ ၂၀၂၅ ဇူလိုင်လက အသက်ဝင်လာပြီးနောက် အထက်ပါအဆိုပြုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

စောစောပိုင်း ဥပဒေပြင်ဆင်မှုတွေကြောင့် အငြင်းပွားဖွယ် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေး ထရူအွန်မိုင်လန်သေဒဏ်ကို ရှောင်လွှဲနိုင်ခဲ့ ပါတယ်။

သူဟာ အမေရိကန်ဒေါ်လာ (၁၂)ဘီလီယံပါဝင်တဲ့ လိမ်လည်မှုအတွက် ပြစ်မှထင်ရှားခဲ့သူဖြစ်ပါတယ်။

အနောက်ဆုံး ဥပဒေကြမ်းအရ သေဒဏမပေးတော့တဲ့ အခြားပြစ်မှုတွေထဲမှာ အဓိကရုဏ်း ဆင်နွှဲမှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေလည်း ပါဝင်နေပါတယ်။

အဆိုပါ ဥပဒေပြင်ဆင်မှုတွေကြောင့် သေဒဏပေးနိုင်တဲ့ ပြစ်မှုအရေအတွက် လျှော့နည်းသွားမှာ ဖြစ်ပေမယ့် အချို့နယ်ပယ်တွေမှာ ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အပြောင်းအလဲများကြောင့် နိုင်ငံတော်အပေါ် ရာဇဝတ်မှု ကျူးလွန်သူတွေအပြင် ထွက်ပြေးသွားတဲ့ တရားခံတွေနဲ့ အာဏာပိုင် တွေက အလိုရှိနေတဲ့ တရားခံတွေကို ပြစ်ဒဏ်ချမှတ်ချိန်မှာ အစိုးရရှေ့နေတွေအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အခြေအနေတွေ ရှိလာမှာ ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။

အခြားအဆိုပြုထားတဲ့ ဥပဒေပြောင်းလဲမှုတွေကြောင့် ဗီယက်နမ်ကွန်မြူတစ် ပါတီကို ဆန့်ကျင်တဲ့၊ အစိုးရ အကျိုးစီးပွားတွေကို ချိုးဖောက်တယ်လို့ ထင်ရတဲ့ လုပ်ရပ်တွေအတွက် ပြစ်ဒဏ်တွေ တိုးလာမှာကို စိုးရိမ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွေကို ပြည်သူများရဲ့ အခွင့်အရေးများအား ပိုမိုကာကွယ်နိုင်ရေး ပြင်ဆင်ဖို့လိုအပ်ပြီး အလွဲသုံးစားလုပ်နိုင်တဲ့ ပိုကြီးမားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ ရဲတပ်ဖွဲ့ကို မပေးသင့်ဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြားပါတယ်။

ဗီယက်နမ် အမျိုးသားလွှတ်တော်က အဆိုပါဥပဒေ ပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ လာမယ့် သီတင်းပတ်များအတွင်း ဆွေးနွေးပြီး အောက်တိုဘာလ စတင်မယ့် လာမယ့် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အတည်ပြုခဲ့မယ် ဆိုရင် အဆိုပါ ဥပဒေ ပြင်ဆင်ချက်တွေဟာ ၂၀၂၇ မတ်လမှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

#မှုခင်း

#သေဒဏ်

#မူးယစ်မှု

#လွှတ်တော်

#ဗီယက်နမ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin