Language:

မှတ်ပုံတင်မျဉ်းစောင်းအလိုက် ခရီးသွားလာခွင့် ကန့်သတ်ပြီး ညွှန်ကြားထားခြင်းမရှိဘူးလို့ နယ်လုံဝန်ကြီးပြော


မှတ်ပုံတင်မျဉ်းစောင်းအလိုက် ခရီးသွားလာခွင့် ကန့်သတ်ပြီး ညွှန်ကြားထားခြင်းမရှိဘူးလို့ နယ်လုံဝန်ကြီးပြော

၂၀ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အတွင်း စစ်ဆေးရေးဂိတ်များတွင် မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသနေရာမဆို ဥပဒေနဲ့အညီ လွတ်လပ်စွာ ခရီးသွားလာနိုင်ပြီး မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားတွင် တိုင်းဒေသကြီး ပြည်နယ်မှတ်ပုံတင် မျဥ်းစောင်းများနဲ့ပတ်သက်ပြီး နယ်မြေကန့်သတ်ခွဲခြားထားခြင်းများကို စစ်ဆေးရန် ညွှန်းကြားထားတာ မရှိဘူးလို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ဩဂုတ် ၂၀ ရက်တွင် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းလှိုင်က ရှမ်းပြည်နယ်အတွင်း စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်မျဥ်းစောင်းများ ကန့်သတ်ထားခြင်း ရှိ/မရှိ နှင့်ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက “ခရီးသည်များအနေဖြင့် ငွေကြေးတောင်းခံခြင်း ခရီးသွားလာ ကန့်သတ်ခြင်းများဖြစ်ပေါ်ပါက တောင်းခံတဲ့ဝန်ထမ်းအမည် တောင်းခံတဲ့ငွေကြေးပမာဏ အချိန်နေရာဖြစ်စဥ်တို့ကို တိုင်ကြားသူရဲ့ ကိုယ်ရေးအချက်အလက်အမှန်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့” ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော် ကွတ်ခိုင်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးဌေးဝင်းလှိုင်က ရှမ်းပြည်နယ်အတွင်းမှာ တချို့စစ်ဆေးရေးဂိတ်များ နှင့် လေဆိပ်များတွင် ၁၃/ဆိုရင် အခြားပြည်နယ်/တိုင်းဒေသကြီးကို သွားလာခွင့်မရှိဘူး၊ ၅/ မျဥ်းစောင်း၊ ၈/ မျဥ်းစောင်းဆိုရင် ရှမ်းပြည်နယ်ထဲကို မလာရဘူး ဆိုပြီး ကန့်သတ်တားမြစ်မှုတွေ ပြုလုပ်နေကြောင်း ပြည်နယ်လွှတ်တော်မှာ မေးမြန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့ကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်နေထိုင်သူများစွာရှိပြီး ခရီးသွားလာရာတွင် လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် ရခိုင်ပြည်နယ် ၁၁/ မျဥ်းစောင်း ၊ ရှမ်းပြည်နယ် ၁၃/ မျဥ်းစောင်း ၊ စစ်ကိုင်း ၅/ မျဥ်းစောင်း ၊ မကွေး ၈/ မျဥ်းစောင်း၊ ကိုင်ဆောင်ထားသူများကို မှတ်ပုံတင်မျဉ်းစောင်းအလိုက် ကန့်သတ်စစ်ဆေးမှုများရှိနေကြောင်း နှင့် ကား/လေယာဥ် လက်မှတ်ဝယ်ရာမှာလည်း အခက်အခဲရှိတယ်လို့ သတင်းအရင်းတွေဆီက သိရှိရပါတယ်။

#ခရီးသွားလာရေး

#စစ်ဆေးရေးဂိတ်

#နယ်လုံဝန်ကြီး

#လွှတ်တော်

#ရှမ်းပြည်နယ်လွှတ်တော်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin