Language:

NASA နဲ့ ESA အာကာသယာဉ်မှူးတွေ အာကာသစခန်းအပြင်ထွက်ပြီး အမြန်နှုန်းမြင့် အင်တင်နာ လဲလှယ်မယ်


NASA နဲ့ ESA အာကာသယာဉ်မှူးတွေ အာကာသစခန်းအပြင်ထွက်ပြီး အမြန်နှုန်းမြင့် အင်တင်နာ လဲလှယ်မယ်

၁၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

NASA နဲ့ ဥရောပအာကာသအေဂျင်စီ (ESA) က အာကာသယာဉ်မှူးနှစ်ဦးဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) အပြင်ဘက်ကိုထွက်ပြီး အရေးကြီးတဲ့ ဆက်သွယ်ရေး အင်တင်နာတစ်ခုကို လဲလှယ်ဖို့ အာကာသလမ်းလျှောက်မှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီအာကာသလမ်းလျှောက်မှုဟာ (၆)နာရီခွဲလောက် ကြာမြင့်မယ်လို့ NASA က ပြောထားပြီး အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။

NASA အာကာသယာဉ်မှူး Anil Menon နဲ့ ESA အာကာသယာဉ်မှူး Sophie Adenot တို့ဟာ ISS ရဲ့ Quest airlock ကနေတစ်ဆင့် အပြင်ဘက်ကိုထွက်ပြီး Space-to-Ground antenna ကို လဲလှယ်သွားမှာပါ။

အဲဒီအင်တင်နာဟာ အာကာသစခန်းနဲ့ အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာရှိတဲ့ Mission Control Center ကြား ဒေတာတွေကို အမြန်နှုန်းမြှင့်ပေးပို့နိုင်ဖို့ အရေးကြီးတဲ့ ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။

အာကာသလမ်းလျှောက်တဲ့အချိန်မှာ Anil Menon က Crew Member 1 အဖြစ် တာဝန်ယူမှာဖြစ်ပြီး အနီရောင်အစင်းပါတဲ့ အာကာသဝတ်စုံကို ဝတ်ဆင်မှာဖြစ်ပါတယ်။ Sophie Adenot ကတော့ Crew Member 2 အဖြစ် တာဝန်ယူမှာဖြစ်ပြီး အမှတ်အသားမပါတဲ့ အာကာသဝတ်စုံကို ဝတ်ဆင်မှာပါ။

ဒီတစ်ကြိမ် အာကာသလမ်းလျှောက်မှုဟာ Anil Menon အတွက် ဒုတိယအကြိမ်ဖြစ်ပြီး Sophie Adenot အတွက်တော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါ့အပြင် Adenot ဟာ အာကာသလမ်းလျှောက်မှုပြုလုပ်တဲ့ ပထမဆုံး ပြင်သစ်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။

NASA ရဲ့ အဆိုအရ အခုအာကာသလမ်းလျှောက်မှုဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနဲ့ အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေအတွက် ပြုလုပ်ခဲ့တဲ့ (၂၈၂) ကြိမ်မြောက် အာကာသလမ်းလျှောက်မှု ဖြစ်ပါတယ်။

#အာကသစခန်း

#အာကာသလမ်းလျှောက်

#NASA

#အာကာသယာဉ်မှူး

#အင်တာနာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin