Language:

လမ်းဘေးစျေးသည်တွေကို စျေးအသစ်များဖော်ဆောင်ပြီး နေရာချပေးရန် စီစဥ်နေ


လမ်းဘေးစျေးသည်တွေကို စျေးအသစ်များဖော်ဆောင်ပြီး နေရာချပေးရန် စီစဥ်နေ

၁၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန်မှာ စိန်ခေါ်မှုတစ်ခုအဖြစ် ကြုံတွေ့နေရတဲ့ လမ်းဘေးစျေးသည်ပြဿနာကို ဖြေရှင်းဖို့ နောက်တစ်ဆင့်အနေနဲ့ မြို့နယ်တချို့မှာ ဈေးအသစ်တွေ ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ သြဂုတ် ၁၈ ရက်နေ့ မနေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအ‌ဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ရွှေပြည်သာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းတို့မှာ ဈေးအသစ်တွေ ဖော်ဆောင်နိုင်ရေး စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အစိုးရသစ်တွေ တက်လာတိုင်း ရန်ကုန်မြို့မှာ လမ်းဘေးစျေးသည် ကိစ္စရပ်နဲ့ပတ်သက်ပြီး မကြာခဏ စီမံချက်တစ်ရပ်အနေနဲ့ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ‌တော့ ထင်သလောက် ထိရောက်ခြင်းတော့ မရှိသေးပါဘူး။

တစ်ဖက်မှာလည်း လမ်းဘေးဈေးသည်တွေကို စနစ်တကျ နေရာချထားနိုင်မယ်ဆိုရင် လမ်းပေါ်မှာ ဈေးရောင်းတာကြောင့် ဖြစ်လာနိုင်တဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ သန့်ရှင်းရေးပြဿနာတွေကို လျှော့ချနိုင်မယ့် အကျိုးကျေးဇူးရှိတယ်လို့ ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီးက ဆိုပါတယ်။

ရန်ကုန်မြိုတော်စည်ပင်ရဲ့ အချက်အလက်တွေအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လမ်းဘေးပျံကျဈေးသည် ၁,၁၈၉ ဦးကို ဈေးရောင်းချနိုင်ဖို့ နေရာချထားပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာတော့ ၁,၈၄၈ ဦးကို ဈေးတွေထဲ နေရာချထားပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိန်းဂဏန်းတွေကိုကြည့်ရင် လမ်းဘေးဈေးသည်တွေကို ဈေးတွင်း ပြောင်းရွှေ့ပေးဖို့က ရန်ကုန်မှာ တဖြည်းဖြည်း ပိုအရေးကြီးလာတဲ့ အခြေအနေပဲဖြစ်ပါတယ်။

ဒါ့အပြင် လမ်းမတော်မြို့နယ် ၁၉ လမ်း ညဈေးတန်းလို ပုံစံမျိုးကို မြေနေရာအခြေအနေပေါ်မူတည်ပြီး တခြားမြို့နယ်တွေမှာလည်း ဖော်ဆောင်ဖို့ စီစဉ်နေပြီး လမ်းဘေးစျေးသည်များကို စနစ်တကျ စျေးများအတွင်းရောင်းချနိုင်ရန် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

#ရန်ကုန်

#လမ်းဘေးဈေးသည်

#ဈေးအသစ်ဖော်ဆောင်

#စည်ပင်သာယာရေးဝန်ကြီး

#ရန်ကုန်မြို့တော်စည်ပင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin