၁၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
ဖတ်ချာနာဘူရီခရိုင် ကျေးရွာတစ်ရွာက ဖမ်းဆီးထားတဲ့ ကရင်တိုင်းရင်းသား (၂၆)ဦးအား မြန်မာနိုင်ငံသို့ ပြန်မပို့ဖို့နဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ထိုင်းအာဏာပိုင်များကို သြဂုတ်လ (၁၈)ရက်က တောင်းဆိုလိုက်ပါတယ်။
သြဂုတ်လ (၁၀)ရက်က ထိုင်းစစ်တပ်နဲ့အတူ ဒေသဆိုင်ရာနဲ့ သစ်တောအရာရှိတွေက ဖတ်ချာနာဘူရီခရိုင်ရှိ ဘန်ပါဒန်းကျေးရွာနေ ကရင်လူမျိုးတွေကို စီးတင်ပြီး ထိုင်းနိုင်ငံသား ဖြစ်ကြောင်း သက်သေအထောက်အထား မရှိသူတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေက ကလေး (၈)ဦးနဲ့ ကိုယ်ဝန်ဆောင် (၂)ဦး အပါအဝင် ရွာသား ၂၈ဦးကို ဖမ်းဆီးခဲပြီး ခရိုင်လဝကရုံးမှာ ထိန်းသိမ်းထားခဲ့ပါတယ်။
နောက်ပိုင်းမှာ ရွာသား (၂)ဦးက ဒေသခံမှတ်ပုံတင်မှတ်တမ်းပြသနိုင်တာကြောင့် အရာရှိတွေက စစ်ဆေးအတည်ပြုပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
လက်ကျန် ရွာသား (၂၆)ဦးကို ဘန်ကောက်ရှိ ဆူအန်ဖလူလဝက ထိန်းသိမ်းရေးစင်တာသို့ လွှဲပြောင်းပြီး သူတို့ကို လဝကဥပဒေစွဲချက်တွေနဲ့ အရေးယူပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ဖို့ ထိုင်းအရာရှိတွေက စီစဉ်နေပါတယ်။
သူတို့ကို မြန်မာနိုင်ငံသို့ ပြန်မပို့ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လိန်းပီယာဆင်က ပြောကြားပါတယ်။
မကြာသေးခင်က ထိုင်းအာဏာပိုင်တွေက အထောက်အထားမဲ့ ကရင်လူမျိုးတွေကို ရှာဖွေဖမ်းဆီးနေကြောင်း ဒေသဆိုင်ရာ ရွာသားတွေကိုလည်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အဖြစ် သတ်မှတ်ဖမ်းဆီးနေကြောင်း ထိုင်းရှိ ကရင်လူမျိုးစု ခေါင်းဆောင်များက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သို့ ပြောကြားပါတယ်။
ဒီလိုမျိုး ထိုင်းအရာရှိတွေ သတ်မှတ်တာကြောင့် ထိုင်းနိုင်ငံရှိ ကရင်တိုင်းရင်းသားတွေ အနေနဲ့ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောကြားပါတယ်။
ဘန်ဖာဒန်းကျေးရွာနေ ကရင်လူမျိုး (၁၀)ဦးကို ထိုင်းအရာရှိတွေက အရင်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့က ပြောကြားပါတယ်။
ကရင်တိုင်းရင်းသားတွေဟာ ထိုင်းမှာရော မြန်မာမှာပါ နေထိုင်လာခဲ့ကြတာ မျိုးဆက်ပေါင်းများစွာ ကြာပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရှိ ကရင်လူမျိုး ရာပေါင်းထောင်ပေါင်းများစွာကို ထိုင်းအစိုးရက အရောင်ပါတဲ့ သက်သေခံ ကတ်တွေ ထုတ်ပေးထားပြီး ထိုင်းနိုင်ငံရှိ တောင်ပေါ်နေ လူမျိုးစု အဖြစ် အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်း ရောက်လာသူတွေမှာ တရားဝင် အသိအမှတ်ပြု လက်မှတ် မရှိဖြစ်နေပြီး ဖမ်းဆီး ခံနေကြရတာ ဖြစ်ပါတယ်။

