၁၅ သြဂုတ်လ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းဝန်ကြီးချုပ် အနုတင် သြဂုတ်လ (၁၄)ရက်က နာခွန် ရတ်ချာဆီမာဒေသရှိ လေတပ် အခြေစိုက်စခန်း တစ်ခုသို့ ကိုယ်တိုင်လေယာဉ်မောင်းပြီး သွားရောက်စဉ်သူနဲ့ ဝေဟင်မှာ တွေ့ဆုံဖို့ အက်ဖ်-၁၆ တိုက်လေယာဉ် သုံးစီးပျံတက်သွားခဲ့ပါတယ်။
အနုတင်မောင်းနှင်လာတဲ့ လေယာဉ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စီးစီ လိုက်ပါဝန်ရံပေးခဲ့ပါတယ်။
ထိုင်းတော်ဝင်လေတပ်ရဲ့ တတိယတိုက်လေယာဉ်ကတော့ သူ့ရဲ့ လေယာဉ်အပေါ်ကနေ ပျံသန်းခဲ့တာဖြစ်ပါတယ်။
အနုတင်ဟာ Daher-Socata TBM 930 အမျိုးအစားလေယာဉ်ကို ကိုယ်တိုင်မောင်းနှင်သွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လေယာဉ်အမျိုးအစားဟာ အင်ဂျင်တစ်လုံးတည်းပါပြီး လူ (၆)ဦး လိုက်ပါနိုင်တဲ့ လေယာဉ် ဖြစ်ပါတယ်။
အဆိုပါလေယာဉ်ဟာ လေမိုင် (၃၃၀)နှုန်းနဲ့ ပျံသန်းခဲ့တာဖြစ်ပြီး အပေါ့စားဂျက်လေယာဉ်တစ်စီး ပျံသန်းနှုန်းနီးပါး ပျံသန်းခဲ့တာဖြစ်ပါတယ်။
အဆိုပါလေယာဉ်ကို ၂၀၁၆ ဒီဇင်ဘာလက သူဝယ်ယူခဲ့တာ ဖြစ်ပြီး အာရှမှာ ထိုင်းသို့ ပြည်ပက ပထမဆုံး ပို့ဆောင်ခဲ့တဲ့ လေယာဉ်အမျိုးအစားဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်း တာဘတ်စ်ဒေသရှိ ဒါဟာ စက်ရုံက လေယာဉ်ကိုဝယ်ယူပြီးနောက် သူကိုယ်တိုင် မောင်းနှင်ပြီး မိခင်နိုင်ငံသို့ ပြန်လာခဲ့တာဖြစ်ပါတယ်။
လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိချိန်မှာ အနုတင်က ဦးစားပေး မူဝါဒ ၅ ရပ်ကို ချပြခဲ့ပါတယ်။
အဲဒီအထဲမှာ တိုက်လေယာဉ်တွေ အစားထိုးတာ ဝေဟင်မှာ လေယာဉ် လောင်စာပြန်ဖြည့်တာနဲ့ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေ အသုံးပြုတာတွေလည်း ပါဝင်ပါတယ်။
ဂြိုလ်တုနဲ့ အာကာသထောက်လှမ်းရေး၊ သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေး၊ အမျိုးသား ကွပ်ကဲရေးဌာနနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အချက်အလက်များ ချိတ်ဆက်ရေးနဲ့ ပြည်တွင်းဖြစ် ကာကွယ်ရေး လုပ်ငန်းနယ်ပယ်က ဒရုန်းများတည်ဆောက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားဖို့လည်း သူကညွှန်ကြားခဲ့ပါတယ်။
အစိုးရအနေနဲ့ အပြည့်အဝ ထောက်ပံ့ကူညီပေးဖို့ ဆန္ဒရှိသလို အသင့်ပြင်ထားတယ်လို့ သူကပြောကြားပါတယ်။
အဲဒီနောက် အက်ဖ်-၁၆ တိုက်လေယာဉ်လေးစီးက ဝေဟင်မှ မြေပြင်၊ ဝေဟင်မှ ဝေဟင် တိုက်ခိုက်မှု ပုံစံမျိုး ပျံသန်းခဲ့ပါတယ်။
H225M အမျိုးအစား ရဟတ်ယာဉ်တစ်စီးကလည်း တိုက်ပွဲတွင်း ရှာဖွေကယ်ဆယ်ရေးပုံစံ သရုပ်ပြပျံသန်းခဲ့ပါတယ်။
အဲဒီနောက် ဝန်ကြီးချုပ်က မြေပြင်ရှိ အက်ဖ်-၅ ၊ အက်ဖ် -၁၆နဲ့ ဂရီပန်၊ အေတီ-၆ လေယာဉ်အမျိုးအစားတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
သူက ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အခြေအနေနဲ့ ပတ်သက်လို့လည်း ရှင်းပြခဲ့ပါတယ်။
အနုတင်ဟာ နိုင်ငံရေး လောကက တားမြစ် ခံထားရချိန် အတွင်း အသက် ၄၅နှစ် အရွယ်မှာ လေယာဉ်မောင်း သင်ခဲ့တာ ဖြစ်ပါတယ်။
TBM 930အမျိုးအစား လေယာဉ် တစ်စီးရဲ့ တန်ဖိုးဟာ ဘတ် ၁၃၉သန်း ရှိတယ်လို့ သိရပါတယ်။
သူဟာ ထိုင်းြက်ခြေနီ အဖွဲ့အတွက်လည်း လေယာဉ်မောင်းပေးခဲ့ပြီး အလှူရှင်တွေရဲ့ နှလုံးတွေကို အစားထိုး ကုသမယ့် လူနာတွေဆီ အချိန်မီပို့ဆောင် ပေးရတဲ့ အလုပ် ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ အမြဲတမ်းတော့ ကိုယ်တိုင် လေယာဉ်မောင်းလေ့ မရှိဘူးလို့ သိရပါတယ်။

