၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ဧရာဝတီတိုင်း လေးမျက်နှာမြို့ကို ရေဘေးကူညီဖို့သွားတဲ့ ကားတိမ်းမှောက်လို့ (၆) ဦးထိခိုက်ဒဏ်ရာရပြီး အမျိုးသမီး ၁ ဦး စိုးရိမ်ရတယ်လို့ မြေပြင်မှာသွားကူညီခဲ့တဲ့အဖွဲ့တွေဆီက သိရပါတယ်။
ဒီကနေ့ မနက် (၈)နာရီကျော်မှာ ဟင်္သာတမြို့နယ်အတွင်းက ယုန်သလင်းနဲ့ ခမောက်စုကြားမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး တိမ်းမှောက်ခဲ့တဲ့ ခွေးဘီလူး ယာဉ်ပေါ်မှာ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ လူ ၁၆ ဦး လိုက်ပါလာတာဖြစ်တယ်လို့ သိရပါတယ်။
” ဒဏ်ရာရတာက ကျား (၂)ဦး၊ မ (၄) ဦး ပါ။ မတစ်ဦးကတော့ စိုးရိမ်ရပါတယ်” လို့ မြေပြင်မှာသွားရောက်ကူညီခဲ့သူတစ်ဦးက အရှေ့သံလွင်ကို ပြောပါတယ်။
အခင်းဖြစ်နေရာသို့ ယုန်သလင်းက သက်တံရောင် ပရဟိတအသင်းမှ လူနာတင်ယာဉ် နှစ်စီးနဲ့ ခမောက်စုလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် တစ်စီးတို့ သွားရောက်ကူညီခဲ့ပြီး
လူနာတွေကို ဟင်္သာတပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကားဟာ အိုင်ဇောက်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာက ဒေသခံတွေဖြစ်ပြီး လေးမျက်နှာရေဘေးကို သွာရောက်ကူညီဖို့ မောင်းနှင်လာစဉ် ယခုလိုတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

