၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
လာအိုအာဏာပိုင်တွေက ဗီယင်ကျန်းမြို့တော်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ် (Scammer) ဂိုဏ်းတွေကို အကြီးအကျယ် ဝင်ရောက်နှိမ်နင်းခဲ့ပြီး တရုတ်နိုင်ငံသား (၅၇) ဦးအပါအဝင် စုစုပေါင်း (၆၃) ဦးကို ဖမ်းဆီးခဲ့ပါတယ်။
Lao Security News ရဲ့ ဖော်ပြချက်အရ စစ်ဆင်ရေးကို ဩဂုတ် (၁)ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး စီကိုဒ်တဘောင်မြို့နယ်နဲ့ ဟတ်ဆိုင်ဖောင်မြို့နယ်အတွင်းရှိ ဗီလာအိမ်တွေ၊ ဟိုတယ်တွေ၊ အငှားအိမ်တွေကို တစ်ပြိုင်နက် ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
စုစုပေါင်း နေရာ (၆) ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသား (၅၇)ဦး၊ လာအိုနိုင်ငံသား (၄) ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား (၁) ဦးနဲ့ ထိုင်းနိုင်ငံသား (၁)ဦး စုစုပေါင်း (၆၃) ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှာဖွေမှုအတွင်း Desktop ကွန်ပျူတာတွေ၊ Laptop တွေ၊ ကားနဲ့ မော်တော်ယာဉ်အမျိုးမျိုးအပြင် မိုဘိုင်းဖုန်း အလုံးရေ (၃,၀၀၀)ကျော်၊ ဂြိုဟ်တုအင်တာနက် စက် (၃) လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
လာအိုအာဏာပိုင်တွေက ဒီလိမ်လည်ဂိုဏ်းရဲ့ အဓိကပစ်မှတ်ဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ ပြောထားပြီး ကွန်ရက်အတွင်း ပါဝင်ပတ်သက်နေသူတွေကို ဆက်လက်ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
တရုတ်နိုင်ငံသား (၅၇)ဦးကို စစ်ဆေးမေးမြန်းမှု ပြီးဆုံးတာနဲ့ တရုတ်သံရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့နဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ အခြားနိုင်ငံသားတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါအပြင် ဖမ်းဆီးခံရသူအားလုံးကို လာအိုနိုင်ငံရဲ့ လူဝင်လူထွက်ဆိုင်ရာ ဥပဒေအရ Blacklist စာရင်းသွင်းပြီး နောင်တွင် လာအိုနိုင်ငံထဲ ထပ်မံဝင်ရောက်ခွင့် မပြုတော့ဘူးလို့လည်း သိရပါတယ်။

