၄ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (UN Working Group on Business and Human Rights) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး (OHCHR) မှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မဲခေါင်မြစ်ဝှမ်းဒေသများသို့ ကွင်းဆင်းလေ့လာကာ မြစ်ရေညစ်ညမ်းမှုဒဏ် ခံစားနေရသည့် ဒေသခံများ၏ အခြေအနေများကို နားထောင်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းလေ့လာမှုကို ဇူလိုင် (၂၈) ရက်မှ ဩဂုတ် (၂) ရက်အထိ ပြုလုပ်ခဲ့ပြီး ထိုင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မယ်ကောက်ချောင်း၊ မယ်ဆိုင်ချောင်း၊ ရွတ်ချောင်းနှင့် မဲခေါင်မြစ်ဝှမ်းရှိ ကျေးရွာများတွင် ဒေသခံများ၊ လယ်သမားများ၊ ငါးဖမ်းလုပ်သားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မယ်ဆိုင်မြို့နယ် ဆည်မြောင်းရေသုံးစွဲသူများအဖွဲ့ ဥက္ကဋ္ဌ ထောင်ခမ် အင်ဖရုမ်းက မယ်ဆိုင်ဒေသတွင် စိုက်ပျိုးမြေဧက (၆၀,၀၀၀) ကျော်ရှိပြီး ကျေးရွာ (၄၇) ရွာမှ ပြည်သူများသည် မယ်ဆိုင်ချောင်းနှင့် ရွတ်ချောင်းမှ ရေကို တိုက်ရိုက်အသုံးပြုနေရကြောင်း ပြောကြားသည်။
၎င်းက မယ်ဆိုင်မြစ်သည် သောက်သုံးရေထုတ်လုပ်ရာတွင် အဓိကရေအရင်းအမြစ်ဖြစ်သော်လည်း စစ်ဆေးမှု (၁၈)ကြိမ်ဆက်တိုက်၌ အဆိပ်သင့်သတ္တုအကြီးစားများ၏ ပါဝင်မှုပမာဏသည် သတ်မှတ်စံနှုန်းထက် ကျော်လွန်နေကြောင်း တွေ့ရှိထားကြောင်း ဆိုသည်။
ထို့ကြောင့် အစိုးရအနေဖြင့် စိုက်ပျိုးရေးအတွက် မြေအောက်ရေစနစ်များ အမြန်ဆောင်ရွက်ပေးရန်နှင့် ရေအရည်အသွေး စစ်ဆေးမှုရလဒ်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။
ချင်းဆန်းမြို့နယ် ဘန်စုပ်ကောက်ကျေးရွာရှိ ဒေသခံငါးဖမ်းလုပ်သားများကလည်း မဲခေါင်မြစ်တွင် အဆိပ်သင့်ညစ်ညမ်းမှုများကြောင့် စားသုံးသူများက မြစ်ငါးများကို ရှောင်ရှားလာသဖြင့် ငါးဈေးနှုန်းများ ယခင်ထက် ထက်ဝက်ကျော် ကျဆင်းသွားကြောင်း ပြောကြားသည်။
ဒေသခံများသည် မဲခေါင်မြစ်ရေကို တိုက်ရိုက်အသုံးပြုနေရသည့်အတွက် အစိုးရအနေဖြင့် စံချိန်မီ ရေသန့်စင်စနစ်များ အမြန်တပ်ဆင်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ချင်းခေါင်မြို့နယ် ပက်အင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး မာနပ် မဏီရတ်က မဲခေါင်မြစ်၏ ရေအတက်အကျသည် သဘာဝမဟုတ်တော့ဘဲ ငါးမျိုးစိတ်များလည်း သိသိသာသာ လျော့နည်းသွားကြောင်း ပြောသည်။
၎င်းက ကျေးရွာ၏ ရေသန့်စင်စနစ်သည် ရေကို ကြည်လင်စေရုံသာ လုပ်ဆောင်နိုင်ပြီး အဆိပ်သင့်သတ္တုများကို မဖယ်ရှားနိုင်သေးကြောင်း၊ ဒေသခံများတွင် ရေရှည်ကျန်းမာရေး ထိခိုက်မှုများအပေါ် စိုးရိမ်ပူပန်မှု မြင့်မားနေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လာအိုနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်ထားသည့် ပက်ဘန်းရေကာတာ ပြီးစီးပါက ရေပြန်တက်လာနိုင်ပြီး ပက်အင်းတောင်ကျေးရွာတွင် ရေလွှမ်းမိုးမှု ပိုမိုဆိုးရွားလာကာ လူနေမှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်းလည်း ဒေသခံများက စိုးရိမ်နေကြသည်။
အဆိုပါ မြစ်ရေညစ်ညမ်းမှုပြဿနာနှင့် ပတ်သက်၍ ဩဂုတ် (၃) ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) ၌ အရှေ့တောင်အာရှဒေသရှိ မြစ်ရေညစ်ညမ်းမှုပြဿနာဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်ပြီး ကုလသမဂ္ဂကိုယ်စားလှယ်များ၊ ထိုင်းလွှတ်တော်အမတ်များ၊ လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပညာရှင်များ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

