၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုရဲ
တာချီလိတ်မြို့ ရပ်ကွက်လမ်းကြားတွေထဲ ညနက်ပိုင်းအချိန်တွေမှာ အသံကျယ် ပါဝါအိတ်ဇောများတပ်ဆင်ပြီး အရှိန်မြင့်မောင်းနှင်တဲ့ မော်တော်ဆိုင်ကယ်တွေကြောင့် သက်ကြီးရွယ်အိုများနဲ့ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် သက်ဆိုင်ရာက ထိန်းသိမ်းပေးစေချင်တယ်လို့ ဒေသခံများက အရှေ့သံလွင်သတင်းဌာနကို သတင်းပေးပို့လာပါတယ်။
ပါဝါအိတ်ဇောများ တပ်ဆင်သည့် ဆိုင်ကယ်များမှာ မြို့အတွင်း လမ်းမကြီးနဲ့ ရပ်ကွက်လမ်းသွယ်တွေကြား အသံကျယ်လောင်စွာ အရှိန်မြင့် မောင်းနှင်လေ့ရှိတဲ့အတွက် ညဘက်အချိန်အနားယူနေသူများ သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် လူနာများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည့်အပြင် လမ်းသွားလမ်းလာသူများအတွက် ယာဥ်တိုက်မှုအန္တရာယ်များလည်း ဖြစ်ပွားနိုင်တဲ့အတွက် သက်ဆိုင်ရာက ထိန်းသိမ်းပေးရန် လိုလားနေကြတာဖြစ်ပါတယ်။
“ဆိုင်ကယ်ကို ပါဝါအိတ်ဇောတပ်ဆင်ပြီး မောင်းနှင်ကာ လီဗာများပုတ်ခတ်တာမျိုးကြောင့် အသံများကျယ်ကာ ဆူညံပြီး ညဖက်တွေဆို အလုပ်ပြန်လာလို့ အိပ်စက်၊အနားယူချိန်တွေမှာ စိတ်အနှောင့်အယှက်ဖြစ်တယ်လို့” တာချီလိတ်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
ပါဝါအေဇောများတပ်ဆင်ထားသည့် ဆိုင်ကယ်များကို ယာဥ်ထိန်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိဌာနများက စစ်ဆေးအရေးယူပေးရန်နှင့် အသံဆူညံမှု လျှော့ချရေး စည်းကမ်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ (၂)လခန့်က တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့မှ ပါဝါအိတ်ဇောတပ်ဆင်ထားတဲ့ မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် စဥ်ဆက်မပြတ် အရေးယူမှုတွေ မပြုလုပ်တဲ့အတွက် အခုနောက်ပိုင်းလူငယ်တွေက ဆိုင်ကယ်တွေမှာ ထပ်မံ့တပ်ဆင်ထားပြီး ဆိုင်ကယ်စီနင်းနေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ မိန်းလမ်းဘေးတစ်လျှောက် စည်းကမ်းမဲ့ ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တွေအပါအဝင် ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူတွေကို ပညာပေးကာလကျော်လွန်ပါက အရေးယူသွားသွားဖို့ရှိတယ်လို့ တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့က ကြေညာထားပေမယ့် အရေးယူထားမှုအခြေအနေနဲ့ပတ်သက်ပြီး အရှေ့သံလွင်သတင်းဌာနက သွားရောက်စုံစမ်းမေးမြန်းရာ လူကြီးခရီးစဉ်များရှိတဲ့အတွက် ယနေ့အချိန်အထိတော့ အရေးယူ ဆောင်ရွက်ထားတာမရှိသေးဘူးလို့ သိရှိရပါတယ်။

