၃ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
စွန်ရဲ
ရာသီအပြောင်းအလဲအချိန်နှင့် မိုးရာသီကာလအတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှု များလာနိုင်လို့ ဒေသခံပြည်သူများအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်လိုက်နာပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန် ကျန်းမာရေးပညာရှင်ဆရာဝန်များက အကြုံပြုထားတာဖြစ်ပါတယ်။
ရာသီတုပ်ကွေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် ရာသီတုပ်ကွေးဖြစ်သူနဲ့ နီးကပ်စွာ ထိတွေ့နေထိုင်ခြင်း တို့မှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တယ်လို့သိရှိရပါတယ်။
ရာသီတုတ်ကွေးနဲ့ပတ်သက်ပြီး ကိုယ်ခံအားကောင်းဖို့လိုအပ်ပြီး အိပ်ရေးဝဝအိပ်ကာ အစာစားဖို့ လိုအပ်တယ်လို့” တာချီလိတ် ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
ရာသီတုပ်ကွေး ကူးစက်ခံရသူများတွင် ရုတ်တရက် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက် မအီမသာဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများတွင် ရောဂါပြင်းထန်နိုင်ခြေ ပိုများသဖြင့် အထူးဂရုစိုက်ပြုသင့်ကြောင်းနှင့် လက္ခဏာများ ပြင်းထန်ပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အမြန်ဆုံးဆေးကုသမှုခံယူရန် တိုက်တွန်းထားပါတယ်။
အချို့သော လူနာများက မြန်မာတိုင်းရင်းဆေးများဖြင့် သက်သာအောင် ကုသနေကြပြီး ခေတ်ပေါ် အင်္ဂလိပ်ဆေးတွေ မသုံးစွဲပဲ ရှေးဟောင်းကုသရေးနည်းလမ်းများနဲ့ တိုင်းရင်းဆေးရိုးရာနည်းလမ်းများ ကုသနေကြတာဖြစ်ပါတယ်။
ကလေးမိခင်တစ်ဦးကတော့ တုတ်ကွေးရောဂါနဲ့ပတ်သက်ပြီး မိရိုးဖလာကုသနည်းထဲတစ်ခုဖြစ်တဲ့ တိုင်းရင်းဆေးတွေကို အသုံးပြုတယ်လို့ အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ရာသီတုပ်ကွေးကို ကာကွယ်ဆေးထိုးကာ ရောဂါကိုကာကွယ်နိုင်ပြီး ၁၉၄၆ ခုနှစ်တွင် အများပြည်သူများအတွက် တရားဝင် အသုံးပြုခွင့်ပြုရပြီး တစ်နှစ်လျှင် ၁ ကြိမ် ထိုးရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားတာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး WHO ရဲ့ အချက်အလက်အရ ကမ္ဘာတစ်ဝန်းမှာ ရာသီတုပ်ကွေးကူးစက်သူ ၁ ဘီလီယံခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ပြင်းထန်လူနာ ၃ သန်း မှ ၅ သန်းခန့် ရှိပြီး သေဆုံးသူ ၂၉၀,၀၀၀ မှ ၆၅၀,၀၀၀ ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

