၃ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
NPW
မီတာမရှိသေးတဲ့သူတွေနေနဲ့ လျှပ်စစ်မီတာဘောက်တွေကို အွန်လိုင်း(Website)ကနေ လျှောက်ထားနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးကဌာနက ထုတ်ပြန် ကြေညာထားပါတယ်။
အိမ်သုံးအပြင် စီးပွားရေး၊ စက်မှုလုပ်ငန်းတွေအတွက်ပါ လိုအပ်တဲ့ လျှပ်စစ်မီတာအသစ်တွေကို အစိုးရဆီကနေ ငှားရမ်းအသုံးပြုတာမှာ လျင်မြန်စွာရနိုင်ဖို့နဲ့ တစ်ဆင့်ခံ ပွဲစားတွေ၊ ဝန်ထမ်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေကနေ ကင်းအောင်၊ အချိန်နဲ့ စရိတ်စကတွေ သက်သာအောင် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၅)ရက်ကစပြီး Website က တစ်ဆင့် ရုံးချုပ်သို့ လျှောက်ထား နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လျှောက်ထားတာမှာ တရားဝင်သတ်မှတ်ထားတဲ့ အခကြေးငွေကိုပဲ သတ်မှတ်ပေးထားတဲ့ Account ကို Online ကတစ်ဆင့် ငွေပေးသွင်းရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မီတာတပ်ဆင်လိုသူတွေအနေနဲ့ www.moee.gov.mm ကို ဝင်ရောက်လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် အမြန်ဆုံး မီတာတပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲတာ လျော့နည်းစေဖို့ စွမ်းဆောင်ရည်ကျဆင်းနေတဲ့ မီတာတွေနဲ့ အသုံးပြုသက်တမ်း နှစ် (၂၀) ကျော် မီတာများအား လဲလှယ်ပေးဖို့နဲ့ မီတာအသစ် သုံးစွဲလိုသူတွေကို တပ်ဆင်ပေးဖို့ Digital Smart Meter တွေကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှာ နေ့စဉ်ပို့လွှတ်သည့်ဓာတ်အားပမာဏရဲ့ (၁၅.၆) ရာခိုင်နှုန်း ဖြစ်တဲ့ (၁၀.၇) ယူနစ်သန်းခန့် ဆုံးရှုံးနေပြီး နိုင်ငံတော်အနေနဲ့ ပျမ်းမျှကျပ်သန်းပေါင်း (၂၇၅၀) ကျော် နေ့စဉ် ဆုံးရှုံးနေတယ်လို့ သိရပါတယ်။
#လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

