၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုရဲ
တာချီလိတ်မြို့ ပုန်းထုန်ချောင်းဘေး ရေတားနံရံကို ခိုင်ခံစေရန် တပ်ဆင်ထားသည့် ကျောက်ထုတ်သံကြိုးတွေကို ဆေးသမားများက ဖြတ်တောက်ယူဆောင်ပြီး သွားရောက် ရောင်းစားနေကြတယ်လို့ ချောင်းဘေး ရေတားနံရံအနီး နေထိုင်ကြတဲ့ ဒေသခံတွေက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ရေတားနံရံ ကျောက်ထုတ်တွေကို ချည်နှောင်ထားတဲ့ သံကြိုးအချို့ ဖြတ်တောက်ခံထားရတာဖြစ်ပြီး ဆေးသမားများက သံကြိုးများကို ကီလိုရောင်းချရန် ဖြတ်ယူသွားတာဖြစ်ကြောင်း သိရှိရပါတယ်။
“ဒီနားမှာရှိတဲ့ ဆေးသမားများက သံဆန်ခါများကို လူခြေတိတ်ဆိတ်တဲ့ ညဖက်မှာ သံဖြတ်ကတ်ကြေးနဲ့ ဖြုတ်ပြီး ခိုးယူသွားကြတာ။ ရပ်ကွက်ဥက္ကဌကိုတော့ ပြောပြရမယ်”လို့ ပုန်းထုန်ချောင်းဘေးတွင် နေထိုင်သည့် ဒေသခံတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
ကျောက်ဆူးသံကြိုးများ ခိုးယူခံရသည့်နေရာများက တစ်ချို့နေရာတွေမှာ ရေတိုက်စားကုန်ပြီး အက်ကွဲတာမျိုးတွေလည်းရှိကြောင်း၊ ထပ်မံဖြတ်တောက်ခံရလျှင် ရေတားနံရံများ ပျက်စီး ဆုံးရှုံးသွားမှာဖြစ်ကြောင်း ဆယ်မြောင်းဦးစီးဌာနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အခုလို ဖျက်စီးခိုးယူခံနေရတာတွေကို လာရောက်စစ်ဆေးပေးချင်တယ်လို့ ဒေသခံများစီက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
ရေတားနံရံတည်ဆောက်ရေးနဲ့ မယ်ဆိုင်ချောင်းတစ်လျောက် ရေချောင်းပြန်လည်တူးဖော်ရေး၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရက နှစ်စဥ် ဘတ်ဂျက်ချပေးပြီး သက်ဆိုင်ရာ ဦးစီးဌာနက ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ တင်ဒါစနစ်နဲ့ လုပ်ကိုင်စေခဲ့တယ်လို့ သိရပါတယ်။

