၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
အီရန်နိုင်ငံဟာ ဘာရိန်းနိုင်ငံရှိ အမေရိကန် စောင့်ကြည့်ရေဒါစခန်းတစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အမေရိကန်က အီရန်တောင်ပိုင်း ဆီရစ်ခ်မြို့ရှိ ဆက်သွယ်ရေးတာဝါတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကို လက် တုံ့ပြန်တာဖြစ်တယ်လို့ IRGC က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဘာရိန်းအစိုးရတို့ကတော့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကို အခုချိန်အထိ အတည်ပြုထားခြင်း မရှိသေးပါဘူး။
IRGC ကလည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေရှိလာရင် ကန့်သတ်ချက်မရှိ ပြန်လည်တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။ ဘာရိန်းနိုင်ငံ မနာမာမြို့မှာတော့ အမေရိကန်ရေတပ်ရဲ့ ပဉ္စမရေတပ်ဖွဲ့ ဌာနချုပ် တည်ရှိပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ သဘောတူညီချက်ရဖို့ ဆွေးနွေးမှုတွေကို ဆက်မလုပ်လိုတော့ကြောင်း ပြောထားပြီး ဒုသမ္မတ ဂျေဒီဗန့်စ်ကိုလည်း ဆွေးနွေးမှုတွေကနေ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ကာတာရဲ့ ကြားဝင်ညှိနှိုင်းမှုတွေကလည်း ပြေလည်မှုမရခဲ့ပါဘူး။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့နဲ့ သိမ်းဆည်းခံထားရတဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည်ရရှိဖို့ တောင်းဆိုထားပါတယ်။ ဟော်မုဇ်ရေလက်ကြားအရေးနဲ့ ပင်လယ်ကွေ့ဒေသက စစ်ရေးတင်းမာမှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေပါတယ်။

