Language:

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဥရောပပါဝင်မည်


ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဥရောပပါဝင်မည်

၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်တစ်ကြိမ်မှာ ဥရောပနိုင်ငံတွေပါ တန်းတူပါဝင်ခွင့်ရမယ်လို့ အမေရိကန်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဗ် ဝစ်ကော့ဖ်နဲ့ ဂျာရတ် ကူရှနာတို့ဟာ မော်စကိုမှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံပြီးနောက် ဒပ်ဗလင်မှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ ဆက်လက်တွေ့ဆုံခဲ့တာပါ။ အဲဒီတွေ့ဆုံမှုအပြီးမှာ အကျဉ်းသားလဲလှယ်ရေး၊ ဥရောပပါဝင်ရေးနဲ့ နောက်ထပ်ဆွေးနွေးပွဲတွေ ဆက်လုပ်ရေး စတဲ့ အချက်သုံးချက်ကို သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အထူးသဖြင့် စစ်ပွဲစတင်ချိန်ကတည်းက အကြီးဆုံးအကျဉ်းသားလဲလှယ်မှု ပြုလုပ်နိုင်ဖို့ စီစဉ်နေပြီး ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေ မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ကူရှနာက ပြောပါတယ်။

ဒါပေမဲ့ နယ်မြေကိစ္စနဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် သဘောတူညီမှုတော့ မရသေးပါဘူး။ ပူတင်က ယူကရိန်းနယ်မြေကိစ္စမှာ အလျှော့ပေးမှာမဟုတ်သလို ယူကရိန်းအတွင်း နိုင်ငံခြားတပ်တွေ ဖြန့်ချထားတာကိုလည်း လက်မခံနိုင်ကြောင်း ပြောထားပါတယ်။ ဇယ်လန်စကီးကလည်း ဒွန်ဘတ်စ်ဒေသကို စွန့်လွှတ်မှာမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်နေချိန် ရုရှားက ကိယက်ဗ်မြို့ကို ညတွင်းချင်း တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

ဥရောပနိုင်ငံတွေကလည်း ယူကရိန်းအရေးနဲ့ ဥရောပလုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ဥရောပကိုယ်စားလှယ်တွေ ပါဝင်ဖို့ တောင်းဆိုထားပါတယ်။ အမေရိကန်ကိုယ်စားလှယ် ကူရှနာကလည်း ဥရောပနိုင်ငံတွေ မပါဝင်ဘဲ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ်လို့မရနိုင်ကြောင်း ပြောထားပါတယ်။

#ယူကရိန်း

#ရုရှား

#ငြိမ်းချမ်းရေးဆွေးနွေးပွဲ

#နယ်မြေကိစ္စ

#အပစ်အခတ်ရပ်စဲရေး

#ဥရောပကိုယ်စားလှယ်

ဆက်စပ်သတင်းများ

Eastern Thanlwin