၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
မြန်မာဘက်က ထိုင်းနယ်စပ်အနီးမှာ စစ်ဆင်ရေးလုပ်မယ်ဆိုရင် ထိုင်းဘက်ကို ကြိုတင်အသိပေးပြီး စစ်ဆင်ရေးနေရာကိုလည်း နယ်စပ်နဲ့ ပိုဝေးတဲ့နေရာကို ရွှေ့ပြောင်းမယ်လို့ ကတိပြုထားကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ချိုင်းပရက် ဒွမ်ပရာပတ်က ပြောပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး စီဟဆတ် ဖွမ်ကတ်ကယ်ဟာ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ကို သွားရောက်ပြီး သမ္မတ မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို တွေ့ဆုံဆွေးနွေးခဲ့တာပါ။
အဲဒီတွေ့ဆုံမှုမှာ နယ်စပ်တိုက်ပွဲတွေ၊ ကုန်သွယ်ရေးအခက်အခဲတွေနဲ့ ကော့၊ စိုင်းမြစ်ရေညစ်ညမ်းမှုအပြင် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
စိုင်းမြစ်အတွင်း အာဆင်းနစ်ပါဝင်မှုဟာ သတ်မှတ်စံချိန်ထက် ၁၇ ဆအထိ မြင့်နေသေးတာကြောင့် ဒေသခံတွေရဲ့ သောက်သုံးရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပြီး နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်မှာ အစည်းအဝေးပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် နယ်စပ်တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ရေးမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ထိုင်းဘက်ကတော့ အခုလို ဆွေးနွေးမှုတွေကြောင့် နယ်စပ်တင်းမာမှုတွေ လျော့ကျလာမယ်လို့ မျှော်လင့်နေပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးကိုလည်း အာဆီယံအစည်းအဝေးတွေမှာ ဝန်ကြီးအဆင့်နဲ့ ပြန်လည်တက်ရောက်ခွင့်ပေးဖို့ အဆိုပြုထားပါတယ်။

