၁၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်မှာ ချင်းရိုင်ကနေ ဘန်ကောက်ကို သယ်လာတဲ့ ယာဘဆေးပြား ၂,၈၉၆,၀၀၀ ကို ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ဘန်ပါအင်ခရိုင်ရှိ ဆီဆိုင်တစ်ခုမှာ သစ်သီးထည့်တဲ့ ပလတ်စတစ်ခြင်းတွေအတွင်း ဝှက်ထားတဲ့ ယာဘဆေးပြားတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ယာဘတွေကို ပစ်ကပ်ကားနဲ့ သယ်လာတဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဆေးတွေကို ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ကို ပို့ဆောင်ပေးဖို့အတွက် သယ်ယူခ ဘတ် ၁ သိန်းရမယ်လို့ ရဲတပ်ဖွဲ့ကို ဝန်ခံထားပါတယ်။
ရဲတပ်ဖွဲ့ဟာ သတင်းပေးချက်အရ ကားကို ခြေရာခံစောင့်ကြည့်ခဲ့ပြီး ဆီဆိုင်မှာ ရပ်နားချိန် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနဲ့ ရောင်းချဖြန့်ဖြူးဖို့ ရည်ရွယ်မှုတို့နဲ့ အမှုဖွင့်ထားပြီး နောက်ကွယ်က မူးယစ်ဆေးကွန်ရက်ကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

