Language:

RAF ဖေ့ဖို့ဒ် လေတပ်စခန်း တိုက်ခိုက်ရန် ကြံစည်မှုဖြင့် အီရန်ထောက်ခံသူ ၃ ဦးကို အမေရိကန် တရားစွဲ


RAF ဖေ့ဖို့ဒ် လေတပ်စခန်း တိုက်ခိုက်ရန် ကြံစည်မှုဖြင့် အီရန်ထောက်ခံသူ ၃ ဦးကို အမေရိကန် တရားစွဲ

၁၁ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ဗြိတိန်နိုင်ငံရှိ အမေရိကန်စစ်တပ်အသုံးပြုနေတဲ့ RAF ဖေ့ဖို့ဒ် လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား ၃ ဦးကို အမေရိကန်တရားရေးဝန်ကြီးဌာနက အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲခံရသူတွေဟာ မိုဟာမက် ဘာကာ ဆာ့ဒ် ဒါဝွဒ် အယ်လ်ဆာဒီ၊ မိုဆန် မိုဟာဂျယ်ရီနဲ့ မိုဟာမက် အလီ အယ်လ်ဟာဆာနီတို့ဖြစ်ပြီး ဥရောပနဲ့ အမေရိကန်မှာ တိုက်ခိုက်မှုကြိုးပမ်းချက် ၂၀ နီးပါးမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

စွဲချက်အရ အယ်လ်ဟာဆာနီဟာ လောင်စာဆီသယ်ယူတဲ့ပုံစံနဲ့ ဗန်ကား ၃ စီးကို လေတပ်စခန်းအနီး ပို့ဆောင်ဖို့ စီစဉ်ခဲ့ပြီး ပေါက်ကွဲစေတဲ့ပစ္စည်းတွေအတွက် သတ္တုပစ္စည်းနဲ့ ဓာတုပစ္စည်းတွေကိုလည်း ရှာဖွေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အယ်လ်ဆာဒီကတော့ အကျဉ်းထောင်အတွင်းကနေ လျှို့ဝှက်စာတွေ ပေးပို့ပြီး တိုက်ခိုက်မှုကို ညှိနှိုင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ HAYI အဖွဲ့ဟာ အီရန်ထောက်ခံတဲ့ ကာတာအစ် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ရှေ့တန်းအဖွဲ့ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။

အမေရိကန်တရားရေးဝန်ကြီးက အမေရိကန်စစ်သားတွေရှိနေတဲ့ စစ်စခန်းတွေကို တိုက်ခိုက်ဖို့ ကြံစည်သူတွေကို အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်ကတော့ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

တရားစွဲခံထားရသူ ၃ ဦးကိုလည်း တရားရုံးမှာ အပြစ်ရှိကြောင်း သက်သေမပြနိုင်မချင်း အပြစ်မဲ့သူတွေအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

#ဗြိတိန်

#လေတပ်စခန်း

#အကြမ်းဖက်မှု

#အယ်လ်ဆာဒီ

#အကျဉ်းထောင်

ဆက်စပ်သတင်းများ

Eastern Thanlwin