၁၀ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်းရှိ မယ်ဆိုင်ချောင်းမှာ အာဆင်းနစ်အဆိပ်သင့်မှု ပြဿနာကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဖြေရှင်းနိုင်ဖို့ နိုဝင်ဘာလကုန်မှာ နှစ်နိုင်ငံ ပူးတွဲအစည်းအဝေး ကျင်းပသွားမယ်လို့ ထိုင်းသဘာဝပတ်ဝန်းကျင်ဝန်ကြီး စူးချတ် ချွမ်ကလင်က ပြောပါတယ်။
မယ်ဆိုင်ချောင်းတစ်လျှောက် ရေအရည်အသွေး စစ်ဆေးမှုတွေအရ အာဆင်းနစ်ပါဝင်မှုဟာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေပြီး တစ်လီတာမှာ ၀.၂၅ မီလီဂရမ်အထိ တွေ့ရှိထားပါတယ်။ ဘေးကင်းတဲ့ သတ်မှတ်စံနှုန်းကတော့ တစ်လီတာမှာ ၀.၀၁ မီလီဂရမ်သာ ဖြစ်ပါတယ်။
ဒီပြဿနာကြောင့် မယ်ဆိုင်မြို့မှာ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်တွေက ရေပေးဝေမှု ၂၄ နာရီကြာ ရပ်ဆိုင်းခဲ့ရပြီး ကျေးရွာ ၁၄ ရွာ ထိခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၇ ရက်မှာတော့ ရေပေးဝေမှု ၈၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိခဲ့ပါတယ်။
နိုဝင်ဘာလကုန်မှာ ပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ရှမ်းပြည်နယ်ဘက်က ကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မြစ်ရေအရည်အသွေး စစ်ဆေးရေးနဲ့ မြန်မာဘက်မှာ ရေအရည်အသွေး တိုင်းတာရေးကိရိယာတွေ တပ်ဆင်ရေးတို့ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း ဒီပြဿနာကို ဆွေးနွေးဖို့ နိုဝင်ဘာ ၁၂ ရက်မှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။

