Language:

ဂေဟစနစ်ကို ထိခိုက်နိုင်တဲ့ အာဖရိကငါးခူများ ရန်ကုန်-မော်လမြိုင်ရထားပေါ်မှာ ဖမ်းဆီးရမိ


ဂေဟစနစ်ကို ထိခိုက်နိုင်တဲ့ အာဖရိကငါးခူများ ရန်ကုန်-မော်လမြိုင်ရထားပေါ်မှာ ဖမ်းဆီးရမိ

၁၀ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

သဘာဝရေဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အာဖရိကငါးခူ ပိဿာ ၃,၉၀၀ ကျော်ကို ရန်ကုန်ကနေ မော်လမြိုင်ကို ပြေးဆွဲနေတဲ့ အမှတ် ၈၁ အဆန်ရထားပေါ်မှာ တရားမဝင် သယ်ဆောင်လာတာကြောင့် ပဲခူးဘူတာမှာ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ငါးခူတွေကို ၁၀ ဂါလံဆံ့ ပလတ်စတစ်ပုံး ၃၆၁ ပုံးနဲ့ သယ်ဆောင်လာတာဖြစ်ပြီး စုစုပေါင်းအလေးချိန် ၃,၉၇၁ ပိဿာခန့်ရှိကာ ကာလတန်ဖိုး ကျပ် ၂၃၄ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

တရားမဝင်ငါးတွေ သယ်ဆောင်လာတယ်ဆိုတဲ့ သတင်းအရ ရဲတပ်ဖွဲ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ရာ ရထားရဲ့ နောက်ဆုံးကုန်တင်တွဲအတွင်းမှာ တွေ့ရှိဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီငါးတွေကို သယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ အသက် ၁၉ နှစ်ကနေ ၃၁ နှစ်အရွယ် အမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးထားပြီး ငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အာဖရိကငါးခူဟာ အသားစားငါးမျိုးဖြစ်ပြီး ငါးငယ်တွေနဲ့ အခြားရေနေသတ္တဝါတွေကို စားသောက်တတ်သလို မျိုးပွားနှုန်းမြန်ပြီး ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးမှာလည်း အသက်ရှင်နိုင်တဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။

ထို့ကြောင့် သဘာဝရေပြင်ထဲ ပျံ့နှံ့သွားပါက ဒေသခံ ငါးမျိုးစိတ်တွေနဲ့ အစာ၊ နေထိုင်ရာနေရာအတွက် ယှဉ်ပြိုင်မှုဖြစ်စေပြီး သဘာဝဂေဟစနစ်ရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေနိုင်တယ်လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

#ဂေဟစနစ်

#ထိခိုက်ပျက်စီးမှု

#အာဖရိကငါးခူ

#ဖမ်းဆီးရမိ

ဆက်စပ်သတင်းများ

Eastern Thanlwin