၁၀ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်နဲ့ ချင်းမိုင်ပြည်နယ်တို့မှာ ယာဘဆေးပြား ၉.၈ သန်းနီးပါးကို နှစ်ကြိမ်ခွဲပြီး ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းဒေသကြီး ၅ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ပထမအကြိမ်မှာ ချင်းမိုင်ပြည်နယ် စရဖီမြို့နယ်က နေအိမ်တစ်လုံးအတွင်း ယာဘဆေးပြား ၄.၈ သန်းကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့ဖူးတဲ့ အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ ထောင်ကလွတ်လာပြီးနောက် မူးယစ်ဆေးဝါးကွန်ရက်နဲ့ ပြန်လည်ပူးပေါင်းကာ ဆေးပြားတွေကို ထိုင်းအလယ်ပိုင်းဒေသဆီ ပို့ဆောင်ဖို့ စီစဉ်နေသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒုတိယအကြိမ်မှာတော့ ချင်းရိုင်မြို့ကနေ မယ်လောင်မြို့နယ်ဘက် မောင်းနှင်လာတဲ့ ကားတစ်စီးကို ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးရာ ယာဉ်မောင်းဟာ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
ကားအတွင်းနဲ့ အနီးပတ်ဝန်းကျင်မှာ တွေ့ရှိတဲ့ အိတ် ၂၂ အိတ်ထဲက ယာဘဆေးပြား ၅ သန်းခန့်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရှိမှာ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသလို မြောက်ပိုင်းနယ်စပ်ဒေသကနေ ထိုင်းအလယ်ပိုင်းကို မူးယစ်ဆေးဝါးသယ်ယူနေတဲ့ ကွန်ရက်တွေကိုလည်း ဆက်လက်စုံစမ်းနေပါတယ်။

