Language:

ဂရန်းလှိုင်သာယာ တန်ဖိုးသင့်အိမ်ရာမှာ မီးဘေးသင့်အိမ်ထောင်စု ၇၀ ကျော်ကို ဦးစားပေး နေရာချထား


ဂရန်းလှိုင်သာယာ တန်ဖိုးသင့်အိမ်ရာမှာ မီးဘေးသင့်အိမ်ထောင်စု ၇၀ ကျော်ကို ဦးစားပေး နေရာချထား

၁၀ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

လှိုင်သာယာမြို့နယ်မှာ တည်ဆောက်နေတဲ့ ဂရန်းလှိုင်သာယာ တန်ဖိုးသင့်အိမ်ရာစီမံကိန်း ပထမအဆင့် အဆောက်အအုံ ၅ လုံး ပြီးစီးသွားပြီဖြစ်လို့ မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၇၀ ကျော်ကို ဦးစားပေး နေရာချထားပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောဆိုလိုက်ပါတယ်။

အဆိုပါ အိမ်ရာစီမံကိန်းဖွင့်ပွဲနဲ့ အခန်းအပ်နှံပွဲကို နိုဝင်ဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမအဆင့်အနေနဲ့ (၄) ခန်းတွဲ (၆)ထပ် အဆောက်အအုံ (၅) လုံး တည်ဆောက်ပြီးစီးခဲ့တာလို့ သိရပါတယ်။

စီမံကိန်းကို လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ ကျန်စစ်သားလမ်း၊ အမှတ် (၁၉) ရပ်ကွက်မှာ အကောင်အထည်ဖော်နေတာဖြစ်ပြီး အားလုံး ပြီးစီးသွားရင် (၄)ခန်းတွဲ (၆)ထပ် အဆောက်အအုံ အလုံး (၂၀) နဲ့ နှစ်ထပ်ခြောက်ပေါက် အဆောက်အအုံ (၁၀) လုံး ပါဝင်လာမှာဖြစ်ပါတယ်။

အဆိုပါစီမံကိန်းကို Myanmar Art Construction and Development Company Limited နဲ့ အကျိုးတူပူးပေါင်းပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်မှာ စတင် ဖော်ဆောင်ခဲ့တာဖြစ်ပြီး စီမံကိန်းတစ်ခုလုံးကို အဆင့်လေးဆင့်ခွဲကာ ၂၀၂၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ်တည်ဆောက်ဖို့ လျာထားပါတယ်။

အိမ်ခန်းနေရာချထားပေးမယ့် အစီအစဉ်အတွက်လည်း တာဝန်ရှိဌာနတွေက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မဲနှိုက်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး နေအိမ် ၈၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တာကြောင့် အဲဒီမီးဘေးသင့်အိမ်ထောင်စုတွေကို ပြန်လည်နေရာချထားပေးဖို့ အခုလို အိမ်ရာစီမံကိန်းကနေတစ်ဆင့် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

#ဂရန်းလှိုင်သာယာ

#တန်ဖိုးသင့်အိမ်ရာ

#မီးဘေးသင့်အိမ်ထောင်စု

#၇၀ကျော်ကို

#ဦးစားပေး

ဆက်စပ်သတင်းများ

Eastern Thanlwin