Language:

ဘင်္ဂလားဒေ့ရှ် ပြန်လာဖို့ ဟာဆီနာ ပတ်စ်ပို့နဲ့ မှတ်ပုံတင်အသစ် တောင်းဆို


ဘင်္ဂလားဒေ့ရှ် ပြန်လာဖို့ ဟာဆီနာ ပတ်စ်ပို့နဲ့ မှတ်ပုံတင်အသစ် တောင်းဆို

၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှီ့ခ် ဟာဆီနာက လာမယ့် ဒီဇင်ဘာလမှာ နိုင်ငံကို ပြန်လာနိုင်ဖို့ ပတ်စ်ပို့နဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်အသစ် ထုတ်ပေးဖို့ နိုဝင်ဘာ ၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် အာဏာကနေ ဖယ်ရှားခံခဲ့ရပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားတဲ့ ဟာဆီနာအနေနဲ့ အခုလို တရားဝင်တောင်းဆိုတာဟာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ပထမဆုံး ဆက်သွယ်တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

သူမရဲ့ ရှေ့နေတွေက ဒေလီမြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးကို စာပေးပို့ပြီး ကြားဖြတ်အစိုးရက လက်ရှိပတ်စ်ပို့နဲ့ မှတ်ပုံတင်ကတ်တွေကို ရုပ်သိမ်းထားတဲ့အတွက် အသစ်ပြန်လည်ထုတ်ပေးဖို့ တောင်းဆိုထားတာပါ။

ဟာဆီနာရဲ့ လက်ထောက်တွေကလည်း လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးစီးတာနဲ့ နိုင်ငံပြန်လာမယ့်ရက်ကို ကြေညာမယ်လို့ ပြောပါတယ်။ ဒီဇင်ဘာလမှာ မဖြစ်မနေ ပြန်လာဖို့ သူမက ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ဟာဆီနာကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ သူမ မရှိတဲ့အချိန် မျက်ကွယ်သေဒဏ်ချမှတ်ထားပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အဲဒီဖြစ်စဉ်အတွင်း လူပေါင်း ၁,၄၀၀ ခန့် သေဆုံးခဲ့ပါတယ်။ ဟာဆီနာကတော့ သူမအပေါ် စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဟာဆီနာကို အိန္ဒိယနိုင်ငံကနေ ပြန်လွှဲပေးဖို့ တောင်းဆိုထားတာပါ။ သူမသာ နိုင်ငံကို ပြန်လာခဲ့ရင် ဘင်္ဂလားဒေ့ရှ်ပြည်တွင်း နိုင်ငံရေးတင်းမာမှုတွေ ထပ်မံမြင့်တက်လာနိုင်သလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေးအပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

#Bangladesh

#SheikhHasina

#နိုင်ငံတကာသတင်း

#နိုင်ငံရေး

#အိန္ဒိယ

ဆက်စပ်သတင်းများ

Eastern Thanlwin