Language:

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၇၁ ခုတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းလုပ်ငန်းရှင်များကို ဖိတ်ခေါ်


ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၇၁ ခုတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းလုပ်ငန်းရှင်များကို ဖိတ်ခေါ်

၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

မြန်မာနိုင်ငံအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံလာနိုင်ဖို့ ကုန်းတွင်းနဲ့ ကမ်းလွန်လုပ်ကွက် စုစုပေါင်း ၇၁ ခုကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်ထားပါတယ်။

အဲဒီလုပ်ကွက်တွေထဲမှာ ကမ်းလွန်လုပ်ကွက် ၃၉ ခုနဲ့ ကုန်းတွင်းလုပ်ကွက် ၃၂ ခု ပါဝင်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေအဖြစ် ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ဒီအကြောင်းကို နိုဝင်ဘာ ၆ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍအတွင်း နိုင်ငံသားလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆွေးနွေးပွဲမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE) ရဲ့ ထုတ်ပြန်ချက်အရ ကမ်းလွန်လုပ်ကွက်တွေမှာ Open Block ၂၉ ခုနဲ့ Termination Block ၁၀ ခု၊ ကုန်းတွင်းလုပ်ကွက်တွေမှာ Open Block ၂၇ ခုနဲ့ Termination Block ၅ ခု ပါဝင်ပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်နေတဲ့ လုပ်ကွက် ၃၃ ခုရှိပြီး အဲဒီထဲမှာ ကမ်းလွန်လုပ်ကွက် ၁၂ ခုနဲ့ ကုန်းတွင်းလုပ်ကွက် ၂၁ ခု ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အနာဂတ်မှာ သဘာဝဓာတ်ငွေ့ ထပ်မံထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ ကမ်းလွန်စီမံကိန်းတွေထဲမှာ အောင်သိင်္ခ၊ မင်းရဲသူ၊ ပြည်သာယာနဲ့ M-15 လုပ်ကွက်တို့ ပါဝင်ပါတယ်။

အဲဒီစီမံကိန်းတွေထဲက အောင်သိင်္ခစီမံကိန်းကို ၂၀၂၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး မင်းရဲသူစီမံကိန်းမှာတော့ ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ရှာဖွေရေးတွင်း ၂ တွင်းနဲ့ အရန်တွင်း ၁ တွင်း စုစုပေါင်း ၃ တွင်း တူးဖော်ဖို့ ပြင်ဆင်နေပါတယ်။

ပြည်သာယာစီမံကိန်းကနေ ပထမဆုံး သဘာဝဓာတ်ငွေ့ (First Gas) ကို ၂၀၂၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

M-15 လုပ်ကွက်မှာလည်း ၂၀၁၆ ခုနှစ်က ရရှိထားတဲ့ 3D Seismic တိုင်းတာမှုရလဒ်တွေကို အခြေခံပြီး ၂၀၂၆ ခုနှစ်အတွင်း ရှာဖွေရေးတွင်း ၂ တွင်းနဲ့ အရန်တွင်း ၁ တွင်း တူးဖော်ဖို့ စီစဉ်ထားပါတယ်။ အဲဒီလို တူးဖော်ပြီးမှသာ သဘာဝဓာတ်ငွေ့ ထွက်ရှိနိုင်ခြေကို အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။

အဆိုပါ စီမံကိန်း ၄ ခုဖြစ်တဲ့ အောင်သိင်္ခ၊ မင်းရဲသူ၊ ပြည်သာယာနဲ့ M-15 လုပ်ကွက်တွေမှာ သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်တဲ့ ပမာဏ စုစုပေါင်း ၁၀၉.၇၂၉ ထရီလီယံကုဗပေ (TCF) ရှိနိုင်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#မြန်မာ့စွမ်းအင်ကဏ္ဍ

#ရေနံနှင့်သဘာဝဓာတ်ငွေ့

#ရင်းနှီးမြှုပ်နှံမှု

#ပြည်တွင်းလုပ်ငန်းရှင်တွေ

#ဖိတ်ခေါ်

ဆက်စပ်သတင်းများ

Eastern Thanlwin