Language:

ပြိုကျခဲ့တဲ့ မယ်ဆိုင်ချောင်း ရေထိန်းနံရံ ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေဟုဆို


ပြိုကျခဲ့တဲ့ မယ်ဆိုင်ချောင်း ရေထိန်းနံရံ ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေဟုဆို

၉ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဧရာဝဏ်မိုတယ်အနီး ပြီးခဲ့တဲ့ မိုးရာသီအတွင်း မယ်ဆိုင်ချောင်းရေတိုက်စားလို့ ပြိုကျခဲ့တဲ့ ရေထိန်းအုတ်နံရံနေရာကို အခိုင်အမာ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။။

ရေထိန်းအုတ်နံရံနေရာကို နိုဝင်ဘာလအတွင်း အခိုင်အမာ ပြန်လည်တည်ဆောက်မယ်လို့ ယခင်က သက်ဆိုင်ရာဌာနအနေနဲ့ ပြောဆိုထားခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးဘူးလို့ အဆိုပါ နေရာအနီးမှာ နေထိုင်သူ ဒေသခံတို့က ပြောဆိုနေကြတာပါ။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာခဲ့ရာမှ ရေတိုက်စားပြီး ဧရာဝဏ်မိုတယ်အနီး ချောင်းကမ်းပါးကို ကာရံထားတဲ့ အုတ်နံရံတစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။

“၁၁ လပိုင်းလား၊ နှစ်ကုန်ရင်လား မသိဘူး။ အုတ်တံတိုင်းကာမယ်လို့တော့ ကြားတာပဲ။ အဲဒီနေ့ ရေကြီးပြီး သဲအိတ်နဲ့ လာကာတဲ့အချိန်ပဲ တွေ့ရတယ်။ နောက်ရက်တွေတော့ မလာတော့ဘူး။ အခုလောလောဆယ်တော့ ဘာမှလုပ်တာ မတွေ့ရသေးဘူး” လို့ ဧရာဝဏ်မိုတယ်မှ ဝန်ထမ်းတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

အဆိုပါ ပြိုကျခဲ့တဲ့နေရာကို ပုဂ္ဂလိကအစီအစဉ်နဲ့ သဲအိတ်ကြီးများ အသုံးပြုကာ အမြင့် (၈) ပေခန့်အထိ ယာယီပြန်လည်ကာရံထားခဲ့သော်လည်း အခိုင်အမာ ရေထိန်းနံရံ ပြန်လည်တည်ဆောက်တဲ့ လုပ်ငန်းများကို လက်ရှိအချိန်ထိ စတင်ဆောင်ရွက်ထားခြင်း မတွေ့ရသေးကြောင်း ဧရာဝဏ်မိုတယ်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဆိုပါနေရာမှာ လက်ရှိ သဲအိတ်ကြီးများနဲ့ မယ်ဆိုင်ချောင်းရေကို ယာယီကာရံထားရပြီး သဲအိတ်များရဲ့ ရှေ့ဘက်မှာ သဲနှင့်နွံများ ကျန်ရှိနေဆဲဖြစ်တဲ့အတွက် ဖြတ်သန်းသွားလာမယ့် ဒေသခံပြည်သူများက အခက်အခဲကြုံတွေ့နေရကြောင်း အဆိုပါနေရာအနီးနားနေထိုင်သူတွေက ပြောပါတယ်။

နိုင်ငံတော်က ဘတ်ဂျက်ကျလို့ (၁၁)လပိုင်း မိုးကုန်သွားရင်တော့ ရေထိန်းနံရံကို အခိုင်အမာပြန်တည်ဆောက်မယ်လို့ တာချီလိတ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကပြီးခဲ့တဲ့ စက်တင်ဘာလက အရှေ့သံလွင်မီဒီယာကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရေထိန်းနံရံ ပြန်တည်ဆောက်မယ့် အခြေအနေ နဲ့ ပတ်သတ်ပြီး တာချီလိတ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

#မြေထိန်းနံရံ

#ဧရာဝဏ်ဟိုတယ်

#မကာဟိုခမ်း

#မယ်ဆိုင်ချောင်း

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin