၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
KZ
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၊ ဆိုက်သာနီမြို့နယ် ဘန်ချန်းခူးကျေးရွာမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေတယ်လို့ သံသယရှိတဲ့ လူ ၂၇ ဦးကို လာအိုလုံခြုံရေးအာဏာပိုင်တွေက နိုဝင်ဘာ ၅ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသား ၂၆ ဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦး ပါဝင်ပြီး မိုဘိုင်းဖုန်း ၈၀၅ လုံး၊ Desktop ကွန်ပျူတာ ၃၂ လုံးနဲ့ Laptop ၃ လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ လာအိုသတင်းရင်းမြစ်က ဖော်ပြပါတယ်။
အဲဒီနေရာဟာ အိမ်ငှားအဆောက်အအုံတစ်ခုဖြစ်ပြီး လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ အထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။
စီးနင်းမှုအပြီးမှာ အဖမ်းခံထားရသူတွေကို အာမခံပေးဖို့ လာရောက်ဆက်သွယ်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ ဘာသာပြန်အလုပ် လုပ်ကိုင်သူဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေက ဒီအမှုနဲ့ဆက်စပ်သူတွေ၊ နောက်ကွယ်က ဦးဆောင်သူတွေနဲ့ အခြားပါဝင်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေပါတယ်။

