၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဟောင်ကောင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ဂျိုရှုအာဝမ် (အသက် ၃၀) ကို နိုင်ငံခြားအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။
ဟောင်ကောင်တရားရုံးချုပ်က ဒီနေ့ နိုဝင်ဘာ ၅ ရက်မှာ အခုလို အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး အဆိုပါဥပဒေအရ ဝမ်ဟာ ဒုတိယအကြိမ် ပြစ်ဒဏ်ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။ စက်တင်ဘာလမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် မူလသတ်မှတ်ထားတဲ့ ထောင်ဒဏ် ၁၃ နှစ်ကနေ ၁၀ နှစ်အထိ လျှော့ပေါ့ပေးခဲ့တာပါ။
ဝမ်ဟာ နိုင်ငံခြားအစိုးရတွေကို ဟောင်ကောင်နဲ့ တရုတ်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ စည်းရုံးခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပါတယ်။ လက်ရှိကျခံနေရတဲ့ ထောင်ဒဏ်နဲ့ တစ်ပြိုင်နက် ကျခံရမှာဖြစ်ပြီး ၂၀၃၆ ခုနှစ်နှောင်းပိုင်းအထိ အကျဉ်းကျခံရနိုင်ပါတယ်။
ဝမ်ဟာ ၂၀၁၄ ခုနှစ် ဟောင်ကောင်ထီးလှုပ်ရှားမှုမှာ ထင်ရှားလာခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်နိုင်ငံကို သွားရောက်ကာ ဟောင်ကောင်အရေးနဲ့ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းမှုတွေကို ထောက်ခံဖို့ စည်းရုံးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။
အခုစီရင်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ကောင်စစ်ဝန်ရုံးက အခြေခံလွတ်လပ်ခွင့်တွေကို ထောက်ခံသူတွေကို နှုတ်ပိတ်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ တရုတ်အစိုးရကတော့ ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေးကို ဥပဒေနဲ့အညီ ကာကွယ်မှုအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တို့ကလည်း အဆိုပါစီရင်ချက်ကို ဝေဖန်ခဲ့ကြပါတယ်။

