၃ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )
IM
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အာသံပြည်နယ် ကာချာခရိုင်မှာ ယာဘဆေးပြား ၁.၃၆၃ ကီလိုဂရမ်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပြီး သံသယရှိသူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ အာသံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆီလ်ချာလမ်းမကြီးအနီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာကနေ အဲဒီမူးယစ်ဆေးတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ယာဘဆေးပြားတွေရဲ့ တန်ဖိုးဟာ အိန္ဒိယရူပီး ၃.၄၉ ကုဋေခန့်ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီအပြင် ဆိုင်ကယ်တစ်စီးနဲ့ မိုဘိုင်းဖုန်းတစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးထားသူနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို အာသံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ ၁၉၈၅ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ပစ္စည်းများဆိုင်ရာ ဥပဒေအရ အမှုဖွင့် စစ်ဆေးနေပါတယ်။
ယာဘဆေးပြားတွေဟာ မက်သာဖက်တမင်းနဲ့ ကဖင်းဓာတ် ရောစပ်ထားတဲ့ စွဲလမ်းစေတဲ့ စိတ်ကြွဆေးအမျိုးအစား ဖြစ်ပါတယ်။ အိန္ဒိယအာဏာပိုင်တွေကတော့ မြန်မာနိုင်ငံကနေ အိန္ဒိယအရှေ့မြောက်ပိုင်းကို မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်သွင်းတဲ့ လမ်းကြောင်းတွေကို တားဆီးဖို့ ကြိုးပမ်းနေပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မီဇိုရမ်နဲ့ မဏိပူရပြည်နယ်တွေဟာ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှုတွေအတွက် အဓိက ဖြတ်သန်းရာလမ်းကြောင်းတွေ ဖြစ်နေပါတယ်။ အဲဒီပြည်နယ်နှစ်ခုရဲ့ နယ်စပ်ဒေသတွေဟာ မြန်မာနိုင်ငံနဲ့ စုစုပေါင်း ကီလိုမီတာ ၉၁၀ ခန့် ထိစပ်နေပါတယ်။
အခုဖမ်းဆီးမှုမတိုင်ခင် နိုဝင်ဘာ ၁ ရက်ကလည်း ကာချာခရိုင် ဒိုလိုင်ဈေးအနီးမှာ ခရစ္စတယ်မက်သ် ၂၀ ကီလိုဂရမ်ကို အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ ဝင်ငွေခွန်စုံစမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဖမ်းဆီးခဲ့ပါသေးတယ်။ အဲဒီမူးယစ်ဆေးတွေဟာ အိန္ဒိယရူပီး ကုဋေ ၄၀ ခန့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေကတော့ အရှေ့မြောက်ပိုင်းဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်တွေကို ဖြိုခွင်းနိုင်ဖို့ စစ်ဆေးရှာဖွေမှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေဟာ မြေပြင်အနေအထားခက်ခဲပြီး ဖြတ်သန်းသွားလာနိုင်တဲ့ လမ်းကြောင်းတွေ များပြားတာကြောင့် မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ထိထိရောက်ရောက် တားဆီးဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

