Language:

CNG ဆလင်ဒါအိုးအသစ် အစားထိုးလဲလှယ်ရန် ယာဉ်ပိုင်ရှင်များကို အသိပေး


CNG ဆလင်ဒါအိုးအသစ် အစားထိုးလဲလှယ်ရန် ယာဉ်ပိုင်ရှင်များကို အသိပေး

၃ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

CNG အသုံးပြုယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ဆလင်ဒါအိုးသက်တမ်း ၁၅ နှစ်ပြည့်ပြီးသူတွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး အိုးအသစ်လဲလှယ်တပ်ဆင်ကာ သက်ဆိုင်ရာဌာနမှာ စစ်ဆေးမှုခံယူရမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတ်မှတ်ရက်ကျော်လွန်တဲ့အထိ အိုးအသစ်လဲလှယ်ခြင်းမရှိတဲ့ ယာဉ်တွေကို CNG ဝယ်ယူခွင့် ပိတ်သိမ်းသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အဆင်ပြေစေဖို့နဲ့ ခရီးသွားလာစရိတ် သက်သာစေဖို့ ရည်ရွယ်ပြီး CNG ယာဉ်သုံး သဘာဝဓာတ်ငွေ့ကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးနေပါတယ်။

ဒါပေမဲ့ CNG ဟာ လေထုဖိအားထက် အဆ ၂၀၀ အထိ ဖိသိပ်သိုလှောင်ထားတဲ့ ဖိအားမြင့်ဓာတ်ငွေ့ဖြစ်တာကြောင့် ဆလင်ဒါအိုးနဲ့ ဆက်စပ်ပစ္စည်းတွေမှာ ချို့ယွင်းမှုရှိပါက ပေါက်ကွဲမှုအန္တရာယ် ဖြစ်ပွားနိုင်ပြီး ယာဉ်ပေါ်ပါသူတွေအပြင် ပတ်ဝန်းကျင်က ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

အဲဒီအတွက် CNG ယာဉ်တွေရဲ့ ဆလင်ဒါအိုးနဲ့ ဆက်စပ်ပစ္စည်းတွေကို နှစ်စဉ် စစ်ဆေးပေးနေသလို၊ ဆလင်ဒါအိုးထုတ်လုပ်တဲ့နှစ်ကနေ သက်တမ်း ၅ နှစ်ပြည့်ရင် ပထမအကြိမ်၊ ၁၀ နှစ်ပြည့်ရင် ဒုတိယအကြိမ် စစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။

သက်တမ်း ၁၅ နှစ်ပြည့်သွားတဲ့ ဆလင်ဒါအိုးတွေကိုတော့ သတ်မှတ်စံချိန်စံညွှန်းအရ အသုံးပြုခွင့်မပြုတော့ဘဲ အိုးအသစ်နဲ့ အစားထိုးတပ်ဆင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် သက်တမ်း ၁၅ နှစ်ပြည့်ပြီးတဲ့ CNG ဆလင်ဒါအိုးတွေ တပ်ဆင်အသုံးပြုနေတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ အိုးအသစ်လဲလှယ်ပြီး မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနရဲ့ စစ်ဆေးမှုကို ခံယူထားဖို့ လိုအပ်ပါတယ်။

သတ်မှတ်ရက်ကျော်လွန်ပြီး အိုးအသစ်လဲလှယ်ခြင်းမရှိတဲ့ ယာဉ်တွေကို CNG ဝယ်ယူခွင့် ပိတ်သိမ်းမှာဖြစ်ပြီး အိုးအသစ်လဲလှယ်တပ်ဆင်ကာ သက်ဆိုင်ရာဌာနမှာ စစ်ဆေးမှုအောင်မြင်ပြီးမှသာ ဓာတ်ငွေ့ပြန်လည်ဝယ်ယူခွင့်ပြုသွားမယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#CNG

#၁၅နှစ်ပြည့်ယာဉ်

#လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ဆက်စပ်သတင်းများ

Eastern Thanlwin