၂၈ အောက်တိုဘာ ၂၀၂၆ ( Eastern ThanLwin)
IM
ထိုင်း – မြန်မာနယ်စပ်အနီး ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်ရှိ တောထဲ တစ်နေရာမှာ ထိုင်းစစ်တပ်က မူးယစ်ဆေးပြား ၄ သန်းခန့်ကို မူးယစ်ဆေး သယ်ဆောင်သူတွေနဲ့ ပစ်ခတ်မှု ဖြစ်ပြီးနောက် ဖမ်းဆီးရမိခဲ့တယ်လို့ Bangkok Post နဲ့ Chiang Rai Times သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ချောင်တက် အထူးတပ်ဖွဲ့၏ ကင်းလှည့်အဖွဲ့က အောက်တိုဘာ ၂၆ ရက် ည ၈ နာရီခွဲခန့်က ဝိမ်းဖန်ခမ်းဒေသရှိ ဖာတက်ရွာအနီး တောင်ပေါ်တောလမ်းမှာ အိတ်များ သယ်ဆောင်လာသူ ၁၅ ဦးမှ ၂၀ ဦးခန့်ကို တွေ့ရှိခဲ့ရာ စစ်ဆေးရန် တားဆီးစဉ် ၎င်းတို့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ၅ မိနစ်ခန့် အကြာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
၎င်းတို့က အိတ်များကို စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့ကာ ထိုင်းစစ်သား မည်သူမျှ ဒဏ်ရာရရှိခြင်း မရှိခဲ့ဘဲ စစ်တပ်က နောက်ထပ် တပ်ဖွဲ့ ၂ ဖွဲ့ကို စေလွှတ်၍ ထိုနေရာကို လုံခြုံရေးယူခဲ့ပြီး အောက်တိုဘာ ၂၇ ရက် နံနက်မှာတော့ ထိုနေရာကို ထပ်မံရှာဖွေခဲ့တာပါ။
အဲ့လို ရှာဖွေရာ အိတ် ၁၆ အိတ် တွေ့ရှိခဲ့ပြီး အိတ်တစ်အိတ်မှာ ဆေးပြား ၂၅၀,၀၀၀ ခန့် ပါဝင်ကာ စုစုပေါင်း ဆေးပြား ၄ သန်းခန့် ရှိပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးများကို မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်မှစ၍ ဖါမောင်းတပ်ဖွဲ့က မြောက်ပိုင်းနယ်စပ်တွင် မူးယစ်ဆေးဝါး တင်ဆောင်မှု ၂၆ ကြိမ် ဖမ်းဆီးခဲ့ပြီး ဖြစ်တယ်လို့ ဖါမောင်းတပ်ဖွဲ့ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး စွတ်ခက် ဆရင်နင်သင်က အင်္ဂါနေ့တွင် သတင်းထောက်များအား ဖြစ်စဉ်ကို ပြောကြားခဲ့ပါတယ်။
အဲ့ဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သံသယရှိသူ ၂၄ ဦး ဖမ်းဆီးရမိခဲ့ကာ ဆေးပြား ၁၈ သန်းကျော်၊ အိုက်စ် ၁၂၀ ကီလိုဂရမ်၊ ဘိန်း ၁၀၂ ကီလိုဂရမ်နဲ့ ကီတမင်း ၁၃၉ ကီလိုဂရမ် သိမ်ဆည်းရမိခဲ့ကာ ချင်းရိုင်ပြည်နယ် တစ်ခုတည်းမှာဘဲ ဖမ်းဆီးမှု ၉ ကြိမ်ရှိခဲ့ပြီး ဆေးပြား ၁၃ သန်းကျော် ဖမ်းဆီးရမိခဲ့ကာ ၎င်းကာလထဲ ပစ်ခတ်မှု ၄ ကြိမ်မှာ မူးယစ်ဆေးသယ်ဆောင်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ချင်းရိုင်ပြည်နယ်သည် မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ ဆုံရာ ရွှေတြိဂံဒေသတွင် တည်ရှိပြီး မူးယစ်ဆေးသယ်ဆောင်တဲ့ မူးယစ်ဂိုဏ်းများက တောလမ်းများ၊ တောင်တန်းလမ်းများကို အသုံးပြု၍ ဆေးများကို ထိုင်းနိုင်ငံအလယ်ပိုင်းဈေးကွက်များသို့ သယ်ယူနေတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူများက ခြောက်သွေ့ရာသီအတွင်း နယ်စပ်တစ်လျှောက် ကင်းလှည့်မှုများကို ဆက်လက် အားဖြည့်သွားမည်ဟု ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က ဤမူးယစ်ဂိုဏ်း၏ အခြားအဖွဲ့ဝင်များကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
#ထိုင်း-မြန်မာနယ်စပ်

