Language:

သက်တမ်း ၅ နှစ်ကျော် ယာဉ်တွေ ပြန်လည်မှတ်ပုံတင်ပေးမှာမဟုတ် ၊ နယ်မြေမလုံခြုံတဲ့ဒေသတွေမှာ အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးနေ


သက်တမ်း ၅ နှစ်ကျော် ယာဉ်တွေ ပြန်လည်မှတ်ပုံတင်ပေးမှာမဟုတ် ၊ နယ်မြေမလုံခြုံတဲ့ဒေသတွေမှာ အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးနေ

၂၈ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)

NPW

ဥပဒေအရ သက်တမ်း ၅ နှစ် ကျော်လွန်နေတဲ့ မော်မော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကို ပြန်လည်မှတ်ပုံတင်ပေးလို့ မရဘဲ သက်တမ်းလွန်းယာဉ်တွေကို ပြန်လည်မှတ်ပုံတင်ပေးမှာ မဟုတ်ဘူးလို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၈ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒီးမော့ဆိုမဲဆန္ဒနယ်က ဒေါ်မော်မော်ခိုင်ရဲ့ သက်တမ်းလွန် မော်တော်ယာဉ်၊ ဆိုင်ကယ်တွေ မှတ်ပုံတင်ခွင့်ပြုမယ့်အစီအစဉ်နဲ့ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင်သက်သေခံ လက်မှတ် ပျက်စီး၊ ပျောက်ဆုံးတာတွေအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို သိရှိလိုကြောင်း မွေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

နယ်မြေဒေသလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် ရုံးတွေကို လာရောက် မဆောင်ရွက်နိုင်တဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကိုပဲ အထူးကိစ္စတစ်ရပ်အနေနဲ့ မှတ်ပုံတင်ထားတဲ့ ယာဉ် မှန်၊ မမှန် စိစစ်မှာပါ။

ယာဉ်ပိုင်ရှင်ရဲ့ စစ်ရှောင်ဒေသမှာ နေထိုင်ခဲ့တဲ့ အုပ်ချုပ်ရေးမှုးရုံးရဲ့ ဧည့်စာရင်းထောက်ခံချက်၊ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် သို့မဟုတ် မှတ်ပုံတင်သက်သေခံလက်မှတ်ကို စစ်ဆေးတာ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ကို ယာဉ်စစ်ဆေးပြီး ယာဉ်နဲ့ ယာဉ်မှတ်တမ်း မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးတာတွေကို ပြုလုပ်ပြီး သီးခြားဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“ဒါကြောင့် မှတ်ပုံတင်ထားတဲ့ သက်တမ်း ၅ နှစ်ကျော် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၃၁(က) ပုဒ်မခွဲ ၃ အရ ပြန်လည်မှတ်ပုံတင်ပေးလို့ မရကြောင်း ပြောပါတယ်

နယ်မြေဒေသလုံခြုံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် မှတ်ပုံတင်ထားတဲ့ ရုံးတွေကို လာရောက် မဆောင်ရွက်နိုင်တဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကိုပဲ နယ်မြေဒေသ အခြေအနေအပေါ်မူတည်ပြီး အထူးကိစ္စ တစ်ရပ်အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ” လို့ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၃၁(က) ပုဒ်မခွဲ ၃ မှာ မော်တော်ယာဉ်မှတ်ပုံတင် သက်တမ်းကုန်ဆုံးပြီး သက်တမ်းတိုးဖို့ တစ်ဆက်ထဲ ၅ နှစ် ပျက်ကွက်တဲ့ ယာဉ်တွေရဲ့ မှတ်ပုံတင်တာကို ဖျက်သိမ်းရ မယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင်သက်သေခံ လက်မှတ် ပျက်စီး၊ ပျောက်ဆုံးတာတွေကိုတော့ လုပ်ငန်းစဉ်တွေ အတိုင်းဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၂၆ ခုနှစ် စက်တင်ဘာအထိ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ် ၁၄၃၆၄၀၂ စီး၊ မော်တော်ဆိုင်ကယ် ၄၁၇၀၇၆၆ စီး၊ စုစုပေါင်း ၅၆၀၇၁၆၈ စီးရှိတယ်လို့ သိရပါတယ်။

#မော်တော်ဆိုင်ကယ်

#မော်တော်ယာဉ်

#မှတ်ပုံတင်

#နယ်မြေ

ဆက်စပ်သတင်းများ

Eastern Thanlwin