၃၁ ဇူလိုင် ၂၀၂၆ (Eastern ThanLwin)
ဗကြီး
လက်ရှိ မလေးရှားမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် (၅၀၀၀)ကိုခေါ်ယူဖို့ မြန်မာကသဘောတူထားကြောင်း ဝန်ကြီးချုပ် ဒါတွတ်ဆီရီအန်ဝါ အေဘရာဟင်က ပြောကြားပါတယ်။
အဆိုပါကိစ္စကို အကောင်အထည်ဖော်ဖို့ ကနဦးမှာ ခက်ခဲခဲ့ပေမယ့် မြန်မာနဲ့မလေးရှားကြား ကောင်းမွန်တဲ့ဆက်ဆံရေးကတဆင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သူက ပြောကြားပါတယ်။
“ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ပြည်သူတွေက တောင်းဆိုထားပေမယ့် သူတို့ကို ဘယ်နေရာဆီပြန်ပို့မှာလဲ သူတို့ကို မြန်မာနိုင်ငံဆီ ပြန်ပို့လည်း အရင်က မြန်မာက သူတို့ကို လက်ခံချင်ခဲ့တာမဟုတ်ဘူး”လို့ သူကပြောကြားပါတယ်။
ဒါပေမဲ့ မလေးရှားနဲ့ မြန်မာကြား ကောင်းမွန်တဲ့ဆက်ဆံရေးကြောင့် အခုအချိန်မှာတော့ မရှိရှားရှိ ပထမဆုံး ရိုဟင်ဂျာဒုက္ခသည် (၅၀၀၀)ကို လက်ခံခေါ်ယူဖို့ သဘောတူထားပြီးဖြစ်တယ်လို့ ဇူလိုင် (၂၉)ရက်က ဆင်ပမ်းဒူရင်းဒေသမှာ ကျင်းပခဲ့တဲ့ လူထောင်ချီတက်ရောက်ခဲ့တဲ့ အခမ်းအနားတစ်ရပ်မှာ အန်ဝါကပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ အများပြည်သူသွားလာရာနေရာတွေ သို့မဟုတ် လမ်းတွေမှာ စုဝေးပြီးတော့ အများပြည်သူကို အနှောင့်အယှက်ဖြစ်စေလို့ မရဘူးလို့ သူက ထပ်မံပြောကြားပါတယ်။
လမ်းမတွေပေါ်မှာ ပြီးတော့ အများသွားလာရာနေရာတွေမှာ စုဝေးတာ သို့မဟုတ် အများပြည်သူ အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်တဲ့ အုပ်စုမှန်သမျှကို အရေးယူဆောင်ရွက်ဖို့ ရဲတပ်ဖွဲ့အား ညွှန်ကြားထားတယ်လို့ အန်ဝါက ပြောကြားပါတယ်။
မလေးရှားမှာ များမကြာခင်က ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းထားပြောဆိုမှုတွေ ပိုများလာတာနဲ့အတူ ရိုဟင်ဂျာတွေကို ပြန်လည်ပို့ဆောင်ရေး တောင်းဆိုသံတွေလည်း ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

