၂၆ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
IM
ဘရာဇီး သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆီလ်ဗာသည် တနင်္ဂနွေနေ့က ကျင်းပသော ဒုတိယအဆင့် ရွေးကောက်ပွဲမှာ မဲအားလုံး ရေတွက်ပြီးနောက် လူလာက မဲအားလုံး၏ ၅၁.၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ပြိုင်ဘက် အထက်လွှတ်တော် အမတ် ဖလာဗီယို ဘိုလ်ဆိုနာရိုက ၄၈.၂ ရာခိုင်နှုန်းသာ ရရှိခဲ့လို့ မဲကွာခြားချက်မှာ ၄.၄ သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။
လူလာသည် သမ္မတအဖြစ် စတုတ္ထအကြိမ် ရွေးကောက်ခံရခြင်းဖြစ်ပြီး ဘရာဇီးနိုင်ငံ သမိုင်းမှာ သမ္မတ ၄ ကြိမ် ရွေးကောက်ခံရသူ ပထမဆုံးဖြစ်လာပြီး အောက်တိုဘာ ၄ ရက်က ကျင်းပသော ပထမအဆင့် မဲပေးပွဲမှာ ဘိုလ်ဆိုနာရိုက လူလာကို မဲ ၂.၂ သန်းကျော် ဦးဆောင်ခဲ့တာပါ။
သို့သော် ဒုတိယအဆင့်မှာ လူလာက ပြန်လည် အနိုင်ရခဲ့ပြီး ၁၉၈၅ ခုနှစ်နောက် စစ်အုပ်ချုပ်ရေး ပြီးဆုံးပြီးကတည်းက ပထမအဆင့် ဒုတိယနေရာရပြီး ဒုတိယအဆင့် အနိုင်ရသူ လူလာသည်
ပထမဆုံးဖြစ်လာတယ်လို့ ဆိုပါတယ်။
လူလာသည် ၁၉၇၀ ပြည့်လွန်နှစ်များမှာ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ဝင်ရောက်ခဲ့ကာ ၂၀၀၂ ခုနှစ်မှာတောံ ပထမဆုံး သမ္မတ ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရပြီးနောက် ၂၀၂၂ ခုနှစ်မှာလည်း ဂျိုင်းယာ ဘိုလ်ဆိုနာရိုကို အနိုင်ရခဲ့တာပါ။
မဲပေးပွဲမှာတော့ မဲရုံများ ပိတ်ချိန်ကို နှစ်နာရီ တိုးမြှင့်ခဲ့ရကာ နှစ်ဖက်လုံးက တိုးမြှင့်ရန် တောင်းဆိုခဲ့ကြလို့ တရားရုံးချုပ် တရားသူကြီး ခရစ္စတီယာနို ဇာနင်က မဲရုံများ ပိတ်ရန် သုံးမိနစ်အလိုမှာ အချိန်တိုးမြှင့်ရန် အမိန့်ချခဲ့တာပါ။
လူလာဘက်က ဆောပိုလိုနှင့် ဆယ်ဗေဒိုတွင် ဘတ်စ်ကား ပြဿနာများ ရှိသည်ဟု ဆိုထားပြီး ဘိုလ်ဆိုနာရိုဘက်က တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာနေသည်ဟု ပြောဆိုခဲ့ကာ မဲရုံအချို့တွင် မဲစက်များ
ပိတ်သွားပြီး ပြန်ဖွင့်၍ မရခဲ့ဘဲ မဲရုံမည်မျှ ဖွင့်ထားခဲ့သည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ဘိုလ်ဆိုနာရိုက ရလဒ်ကို လက်မခံသေးဘဲ သူက ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်ရန် တရားစွဲမည်ဟု ပြောဆိုကာ မဲရုံ ပိတ်ချိန် တိုးမြှင့်မှုကို လက်မခံနိုင်ဟု သူက ဆိုခဲ့ပြီး လူလာက “ဘရာဇီးသည် မည်သူ၏ နောက်ဖေးခြံမှ မဟုတ်ပေ” ဟု ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီကို ကာကွယ်ရန် မဲပေးခြင်းသည် အလွန်အရေးကြီးကြောင်း ပြည်သူများ နားလည်အောင် စည်းရုံးနိုင်ခဲ့ကြောင်း သူက ပြောကြားခဲ့ပြီး လူလာ၏ အနိုင်ရမှုသည် လက်တင်အမေရိက၌ အမေရိကန် သမ္မတ
ထရမ့်နဲ့ နီးစပ်သော ညာဘက်ယိမ်း ကိုယ်စားလှယ်များ အနိုင်ရနေတဲ့ လမ်းကြောင်းကို ဆန့်ကျင်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုအခါ ဘရာဇီးနှင့် မက္ကဆီကိုတို့သည် လက်တင်အမေရိက၏ လူဦးရေ အများဆုံး နိုင်ငံ နှစ်ခုလုံး၌
ဘယ်ဘက်ယိမ်း ခေါင်းဆောင်များ ရှိလာပြီ ဖြစ်ကာ သူ၏ သက်တမ်း အသစ်မှာ ၂၀၂၇
ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်မည် ဖြစ်ပါတယ်။

