Language:

နယ်စပ်ဖြတ်ကျော် တရားမဝင် အလုပ်သွားရောက်လုပ်ကိုင်မည့်သူ (၃၂)ဦးအား တစ်လအတွင်း တားဆီးနိုင်ခဲ့


နယ်စပ်ဖြတ်ကျော် တရားမဝင် အလုပ်သွားရောက်လုပ်ကိုင်မည့်သူ (၃၂)ဦးအား တစ်လအတွင်း တားဆီးနိုင်ခဲ့

၂၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ်မြို့ကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကတဆင့် အရှေ့အလည်ပိုင်း နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသား(၃၂)ဦးကို တာချီလိတ် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးကာ အောက်တိုဘာ(၂၆)ရက်နေ့မှာ နေရပ်ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံအနှံအပြားက လူငယ်တွေကို တရားမဝင် အလုပ်အကိုင်ရှာဖွေပေးတဲ့ အေဂျင်စီတွေက နိုင်ငံတကာကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင် ရန်အတွက် လူမှုကွန်ရက်ပေါ်က ဆက်သွယ်ကာ နည်းလမ်းမျိုးစုံနဲ့ ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

“ဒီလထဲမှာဆိုရင် ကျွန်တော်တို့ အသိပညာပေးပြီး နေရပ်ပြန်ပို့ (၄)ကြိမ်ရှိပါပြီ၊ အားလုံးပေါင်း(၃၂)ယောက်ပါ၊ ဒီနေ့ ပြန်ပို့တာ(၂၄)ဦးပါ။ အဓိကတော့ဟိုတယ်နဲ့ တစ်ချို့အိမ်ခန်းငှါးတွေမှာ သတင်းအရ ဝင်စစ်ပြီး သူတိို့ကို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးပြီး ကားတွေနဲ့ နေရပ်ပြန်ပို့လိုက်တာပါ၊ ပွဲစားတော့ မမိလိုက်ဘူး”လို့ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တာချီလိတ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တရားမဝင် အလုပ်အကိုင်ရှာဖွေပေးတဲ့ ပွဲစားများကတဆင့် ပွဲစားခ ကျပ်သိန်းရာချီ အကုန်အကျခံကာ တရားမဝင်နည်းလမ်းနဲ့ အရှေ့အလည်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ဒူဘိုင်းနဲ့ အိုမန်နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေဟာ အခုနောက်ပိုင်း တာချီလိတ်မြို့ကတဆင့် ထိုင်းနိုင်ငံသို့ဝင်ရောက်ကာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

တရားမဝင် အလုပ်အကိုင်ရှာဖွေပေးနေတဲ့ လူကုန်ကူးပွဲစားတွေမှာ Facebook နဲ့ TikTok ဆိုရှယ်မီဒီယာပလက်ဖေါင်းအသုံးပြုပြီး တာချီလိတ်ကနေ မယ်ဆိုင်၊ ဘန်ကောက်ကို ပို့ဆောင်ပေးပြီး ဘန်ကောက်ကနေတဆင့် လေယာဉ်နဲ့ အိုမန်၊ ဒူးဘိုင်း၊ ကာတာ၊ ကူဝိတ်နိုင်ငံတွေကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

“ပွဲစားတွေက အမျိုးမျိုးရှိတယ် တစ်ချို့ပြောနေကြတာရှိတယ် VIP လမ်းကြောင်းဆိုပြီး တံတား(၁)ကနေ လူစီးမှန်လုံကားနဲ့ ထွက်သွားကြတာ၊ သူတို့ပွဲစားမှာလဲ နည်းတွေက အတော်စုံတယ်၊ မသင်္ကာတဲ့သူဆိုရင် ကျွန်တော်တို့လဲ ခေါ်ပြီးပြောပြပမယ်၊ တစ်ခါတစ်လေ မှတ်ပုံတင်သိမ်းထားလိုက်တယ်၊ သွားမယ့်သူကတော့ နည်းလမ်းပေါင်းစုံနဲ့ ရအောင်ထွက်ကြတာဘဲ”လို့ တာချီလိတ် ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်က တာဝန်ကျ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်က အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

အလုပ်အကိုင်ရှာဖွေပေးတဲ့ လူကုန်ကူးပွဲစားတွေဟာ TikTok ဆိုရှယ်မီဒီယာပေါ်ကတဆင့် ကျပ်သိန်း(၁၀၀)မှ ကျပ်သိန်း(၂၀၀)ကြား အာမခံနဲ့ တာချီလိတ်ကနေ သက်ဆိုင်ရာ နိုင်ငံအရောက် ပို့ဆောင်ပေးနေတယ်လို့ ကြော်ငြာနေတာတွေရှိသလို အချို့သော လူငယ်တွေဟာ လူလိမ်ပွဲစားတွေနဲ့ တွေ့ကြုံရပြီး ပါလာတဲ့ငွေကြေးအားလုံး အလိမ်ခံရကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်နေရသလို ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရပြီး မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းခံရတာတွေလဲ ရှိနေတယ်လို့ သိရှိရပါတယ်။

နိုင်ငံတကာစစ်တမ်းတွေအရ မြန်မာနိုင်ငံအတွင်းမှ အရှေ့အလည်ပိုင်းနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်သူ တရားဝင် လူဦးရေ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ၂,၁၆၃ ဦး ရှိတယ်လို့ ဖေါ်ပြထားပေမယ့် ပြည်တွင်းကနေ အလုပ်အကိုင်နဲ့ ထွက်ခွါသူ လူဦးရေ (၁.၅)သန်းခန့်ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာကို ထွက်ခွါတဲ့လမ်းကြောင်းများမှာ ထိုင်းနိုင်ငံကို လေကြောင်းခရီး (သို့)တာချီလိတ်ကနေတဆင့် ထိုင်နိုင်ငံကို ဝင်ရောက်ကာ အခြားနိုင်ငံတွေကို ထွက်ခွါတဲ့နည်းလမ်းကို တရားမဝင်အလုပ်လုပ်ကိုင်မယ့်သူတွေ အဓိက အသုံးပြုလေ့ရှိတယ်လို့လဲ စစ်တမ်းတွေက ဖေါ်ပြထားပါတယ်။

#တရားမဝင်အလုပ်အကိုင်

#လူကုန်တား

#အရှေ့အလည်ပိုင်း

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin