၂၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
အီရန်တော်လှန်ရေးအစောင့်တပ် ရေတပ်က ဟိုရ်မွတ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီး ၂ စီး ရေမိုင်းထိမှန်ပြီး မီးလောင်ခဲ့တယ်လို့ အောက်တိုဘာ ၂၃ ရက် သောကြာနေ့မှာ ကြေညာပါတယ်။ အဲဒီသင်္ဘောတွေဟာ ရေလက်ကြားတောင်ဘက်က ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းကို ဖြတ်သန်းစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ အီရန်ဘက်က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ခန်းတွေ မီးလောင်ပျက်စီးပြီး သင်္ဘောသားအားလုံး သင်္ဘောတွေကို စွန့်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ သင်္ဘောနှစ်စီးပေါ်မှာ ရေနံစိမ်းစည်ပေါင်း ၄ ဒသမ ၅ သန်းကျော် တင်ဆောင်ထားတယ်လို့လည်း အီရန်က ပြောပေမဲ့ ဒီသတင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကလည်း စည်းမျဉ်းချိုးဖောက်တဲ့ သင်္ဘောတွေရဲ့ သွားလာမှုကို လုံးဝရပ်တန့်စေခဲ့ပြီလို့ ပြောပါတယ်။ အဲဒီမတိုင်ခင် ကြာသပတေးနေ့ကလည်း ရေနံတင်သင်္ဘော ၄ စီးကို ပစ်မှတ်ထားခဲ့ပြီး လမ်းညွှန်အထောက်အကူပြုစနစ်တွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိန်ရေကြောင်းလုံခြုံရေးအဖွဲ့ UKMTO ကလည်း အိုမန်နိုင်ငံ လီမာမြို့အရှေ့မြောက်ဘက် ၇ ရေမိုင်အကွာမှာ ရေနံတင်သင်္ဘောတစ်စီး အမည်မသိပစ်ခတ်မှုနဲ့ ထိမှန်ခဲ့ကြောင်း သတင်းရရှိထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် စတင်ခဲ့တဲ့ စစ်ပွဲအတွင်း ဟိုရ်မွတ်ရေလက်ကြားမှာ ရေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ရေကြောင်းအချက်အလက်အဖွဲ့ မာရစ်ခ်ရဲ့ ပြောကြားချက်အရ အောက်တိုဘာလဟာ မတ်လနောက်ပိုင်း ရေလက်ကြားတစ်ဝိုက်မှာ ရေကြောင်းတိုက်ခိုက်မှု အပြင်းထန်ဆုံးလဖြစ်နေပါတယ်။
UKMTO ရဲ့ မှတ်တမ်းအရလည်း အောက်တိုဘာ ၁၆ ရက်အထိ အမေရိကန်နဲ့ အီရန်ပဋိပက္ခနဲ့ ဆက်စပ်တဲ့ ဖြစ်စဉ် ၁၃၅ ခု ရှိခဲ့ပြီး ကြာသပတေးနေ့မှာတော့ ကုန်သင်္ဘော ၃ စီးသာ ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ဒီအခြေအနေကြောင့် နိုင်ငံတကာကလည်း ဟိုရ်မွတ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေပါတယ်။ သောကြာနေ့က တူရကီ၊ အီဂျစ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံခဲ့ပြီး ရေလက်ကြားပြန်ဖွင့်ရေးကို တောင်းဆိုခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို စစ်ရေးတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်နိုင်တယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ ထရမ့်က “အီပစ်ဖျူရီ” စစ်ဆင်ရေးကို အသေးစားပုံစံနဲ့ ထပ်လုပ်နိုင်တယ်လို့ ပြောခဲ့သလို အမေရိကန်ကိုယ်စားလှယ်တစ်ဦးကလည်း ဒီသီတင်းပတ်ကုန်မှာ တိုက်ခိုက်မှု ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
ဒီအခြေအနေတွေကြောင့် ဟိုရ်မွတ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုနဲ့ ဒေသတွင်းစစ်ရေးတင်းမာမှုတွေ ပိုမိုဆိုးရွားလာနိုင်တဲ့ အလားအလာရှိနေပါတယ်။

