Language:

ဘုရားကျောင်းကို ကမ္ဘောဒီးယားက စစ်စခန်းအဖြစ် အသုံးပြုခဲ့ဟု ထိုင်းစစ်တပ် စွပ်စွဲ


ဘုရားကျောင်းကို ကမ္ဘောဒီးယားက စစ်စခန်းအဖြစ် အသုံးပြုခဲ့ဟု ထိုင်းစစ်တပ် စွပ်စွဲ

၂၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ကမ္ဘောဒီးယားနိုင်ငံဟာ ပရာဗီဟာ ရှေးဟောင်းဘုရားကျောင်းကို စစ်စခန်းအဖြစ် အသုံးပြုပြီး ထိုင်းစစ်သားတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းတော်ဝင်စစ်တပ်က အောက်တိုဘာ ၂၂ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ဘုရားကျောင်းအတွင်း မော်တာ၊ အမြောက်၊ ခဲယမ်းသိုလှောင်ရုံနဲ့ ဒရုန်းတားဆီးရေးစနစ်တွေ တပ်ဆင်ထားခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ ဒါ့အပြင် ဘုရားကျောင်း ပျက်စီးမှုနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားဘက်က ပြောဆိုချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ကမ္ဘောဒီးယားက အောက်တိုဘာ ၂၁ ရက်မှာ ထိုင်းစစ်တပ်ဟာ ဘုရားကျောင်းကို တိုက်ခိုက်ပြီး နိုင်ငံတကာဥပဒေ ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့တာကို တုံ့ပြန်တာဖြစ်ပါတယ်။

ထိုင်းစစ်တပ်ကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်တွေကို လိုက်နာတယ်လို့ ပြောဆိုထားပြီး စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ အရပ်သားတွေနဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ မူဝါဒမရှိကြောင်း တုံ့ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ထိုင်းနိုင်ငံကို နယ်မြေလွှဲပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး နယ်စပ်အငြင်းပွားမှုကို သံတမန်နည်းလမ်းနဲ့ ဆက်လက်ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပရာဗီဟာ ဘုရားကျောင်းအတွင်း စစ်ရေးအရ အသုံးပြုခဲ့မှုနဲ့ ပျက်စီးမှုအကြောင်း နှစ်နိုင်ငံရဲ့ ပြောဆိုချက်တွေဟာ ကွဲလွဲနေဆဲဖြစ်ပြီး စွပ်စွဲချက်တွေကို သီးခြားအတည်ပြုနိုင်တဲ့ အထောက်အထားတွေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

#စစ်စခန်း

#ဘုရားကျောင်း

#ကမ္ဘောဒီယား

#ထိုင်းနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin