၁၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်မှာ ဆီပုံးတွေအတွင်း ဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၁ သိန်းကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အမှုနဲ့ဆက်စပ်သူ သုံးဦးကို ဖမ်းဆီးထားပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြား စုစုပေါင်းဟာ ၁,၁၆၁,၀၀၀ ပြားရှိပြီး မြန်မာနဲ့ လာအိုနယ်စပ်ဘက်ကနေ ထိုင်းနိုင်ငံအလယ်ပိုင်းကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်ဖြန့်ဖြူးနေတဲ့ ကွန်ရက်ကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အမှုကို ချင်းရိုင်ပြည်နယ် မဲချန်မြို့နယ်မှာရှိတဲ့ ပုဂ္ဂလိက ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုမှာ စတင်ဖော်ထုတ်နိုင်ခဲ့တာပါ။ ရဲတပ်ဖွဲ့က ပါဆယ်တွေကို ကျပန်းစစ်ဆေးရာက ဆီပုံးတွေအတွင်း ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၂၈၉,၉၀၀ ပြားကို တွေ့ရှိခဲ့ပါတယ်။ အဲဒီပါဆယ်တွေကို စမုတ်ပရာကန်ပြည်နယ် ဘန်ဖလီမြို့နယ်ဆီ ပို့ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့က ပါဆယ်ပို့ဆောင်မှုလမ်းကြောင်းကို ဆက်လက်စောင့်ကြည့်ခဲ့ပြီး ပစ်ကပ်ကားနဲ့ လာရောက်ထုတ်ယူတဲ့ အသက် ၁၉ နှစ်နဲ့ ၂၀ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ရာချာထေဝနယ်မြေမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထို့နောက် မူးယစ်ဆေးဝါးတွေကို မှာယူညွှန်ကြားသူလို့ ယူဆရတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပထုံဌာနီပြည်နယ်ရှိ အဆောင်တစ်ခုမှာ ထပ်မံဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အဲဒီအမျိုးသားနဲ့ ဆက်စပ်နေတဲ့ လမ်လုကာမြို့နယ်ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာမှာလည်း ဆီပုံးတွေအတွင်း ဝှက်ထားတဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ချင်းရိုင်ပြည်နယ်မှာရှိတဲ့ အခြားပါဆယ်တွေကနေ စိတ်ကြွဆေးပြား ၂၁၁,၁၀၀ ပြားကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
သံသယရှိသူတွေက မူးယစ်ဆေးဝါးတွေကို မြောက်ပိုင်းနယ်စပ်ဒေသကနေ ရယူပြီး ဝယ်ယူသူတွေဆီ ပြန်လည်ဖြန့်ဖြူးခဲ့ကြောင်း ဝန်ခံထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေကို ရှောင်ရှားနိုင်ဖို့ ပုဂ္ဂလိက ပါဆယ်ပို့ဆောင်ရေးဝန်ဆောင်မှုတွေကို အသုံးပြုခဲ့ကြပြီး ပို့ဆောင်မှုတစ်ကြိမ်အတွက် ဘတ် ၁၀,၀၀၀ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အမှုနဲ့ဆက်စပ်ပြီး ပစ်ကပ်ကားတစ်စီး၊ အနက်ရောင်ဗန်ကားတစ်စီးနဲ့ လက်ကိုင်ဖုန်းသုံးလုံးကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးကွန်ရက်ရဲ့ အဓိကစီစဉ်သူတွေနဲ့ အခြားဆက်စပ်သူတွေကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ချင်းရိုင်ပြည်နယ်ဟာ မြန်မာနဲ့ လာအိုနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မှောင်ခိုသယ်ယူပို့ဆောင်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေတြိဂံဒေသရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီဒေသကနေ မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းနဲ့ အခြားဒေသတွေကို ဖြန့်ဖြူးလေ့ရှိပါတယ်။

